http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Saturday, October 15, 2011

ဒုတိယအကြိမ်မြောက် လမ်းခွဲခြင်း




















တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ ခဏလေးမှ ခဏလေးပါပဲ။ များသောအားဖြင့် စကားများ ၊ ငြင်းခုန်၊ စိတ်ဆိုး စိတ်ကောက်နဲ့။ တစ်ခါတစ်ရံလည်း မတူညီတဲ့ အယူအဆတွေအပြိုင် ငြင်းခုန်ကြရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်ကြရသည်။

" မောင် ကျွန်မ စကားပြောနေတာ နည်းနည်းတော့ ဂရုစိုက်ပါအုံး.. တစ်ယောက်တည်း ပြောနေရတာ အရူးနဲ့ တူနေပြီနော် "

မောင်သည် ကျွန်မ၏ စကားကို မကြားချင်ယောင်ဆောင်ကာ တစ်ဖက်သို့ လှည့်သွား၏။

" ဟာ... မောင် ကျွန်မပြောနေတယ်နော်..."

ကျွန်မရဲ့ အသံဟာ ဒေါသ တစ်ချို့တစ်ဝက်နဲ့ စိတ်မရှည်ဟန် အပြည့်။ ခဏနေတော့မှ မောင်က ကျွန်မရှိရာသို့ မျက်နှာမူ ပြန်လှည့်လာရင်း

" မောင်ပြောတဲ့ စကားဆို လုံးဝ ဂရုမစိုက်တာလား၊ မောင် ဘာပြောပြော လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ သဘောလား နှင်း "

" ကျွန်မ တမင်တကာ လုပ်လိုက်တာ မဟုတ်ဘူးမောင်၊ မရည်ရွယ်ပဲ ဖြစ်သွားတဲ့ ကိစ္စတွေမှာ မောင့်ရဲ့ ဆန္ဒကို ဆန့်ကျင်ဖို့ ဆိုတဲ့ အသိမပါဘူး မောင် "

" မောင် မကြီုက်ပါဘူးလို့ အကြိမ်ကြိမ် ပြောထားတာ နှင်းမသိတာလား၊ ဒါမှမဟုတ် နှင်းအတွက် မောင်က ဘာမှအရေးမပါတဲ့ ကောင်ပေါ့လေ ဟုတ်လား နှင်း....."

" မောင်နော် ပြဿနာ ဘာမှမဟုတ်တာကို အကြီးကြီး ဖြစ်အောင် မလုပ်ပါနဲ့ "

" ပြဿနာ ဖြစ်အောင် လုပ်နေတာ နှင်း... မောင်မဟုတ်ဘူး .... မကြိုက်ဘူးလို့ ပြောထားတဲ့ အရာမှန်သမျှ ချိုးဖောက်ပြစ်ဖို့ နှင်းကြိုးစားနေတာ နှင်းတမင်လုပ်နေတာ ဆိုတာ မောင်သိတယ် "

" မောင် ကျွန်မကို အဲလို တစ်ဖက်သတ် မစွပ်စွဲနဲ့ ... အဖြစ်မှန်တွေက အဲလို မဟုတ်ဘူး... လုံးဝမဟုတ်ဘူး.. "

အပြန်လှန် ငြင်းခုန်ကြရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်လာသော်လည်း မောင်နဲ့ကျွန်မသည် အတိုက်အခံများဖြင့်သာ လုံးချာ လည်နေတက်သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ကျွန်မထက် စာပိုတော်သော မောင်သည် မာနလည်း ကြီးလှသလို မိန်းမမုန်းဝါဒီ သမားလည်း တစ်ဦးပင် ဖြစ်၏။ ကျွန်မ မသိသော အကြောင်းအရာ တစ်ခုခု မောင့်အား မေးမိသည့် အချိန်တွင် စိတ်မရှည်သော၊ အထင်သေးသော မောင့်ရဲ့ အကြည့်စူစူးတွေကို ပထမဆုံး ကျွန်မရရှိတက်သည်။ မောင့်ရဲ့ နှုတ်မှလည်း

" တော်တော် ပိန်းတယ်၊ ဒုံးကလည်း ဝေးလိုက်တာ အရိပ်ပြလို့ အကောင်မမြင် ရုံတင်မကဘူး၊ ရုပ်လုံးကိုယ်ထင် ပြတာတောင် အရိပ်ရှာမတွေ့ဘူး...၊ အဲဒါပြောတာပေါ့ ပိန်းတာတောင် ရိုးရိုးပိန်းတာ မဟုတ်ဘူး ပိုက်ဆံပေးပြိး ပိန်းတာ....ရှယ် ပိန်းတာ...... "

စသည်ဖြင့် အပြစ်တင် ပြောဆိုနေတက်သည်။ မောင်သည် အမျိုးသမိးများ တော်သည် ထက်သည်ကို လက်မခံချင်သော၊ အမျိုးသမီးများ နေရာရသည်ကို လုံးဝ ကြည့်မရသော မိန်းမမုန်း ဝါဒီသမားဟု ပြောရလောက်အောင် တစ်ခါတစ်ရံ တော်တော်လေး ပြောရဆိုရ ခက်တဲ့သူပင် ဖြစ်၏။

" မောင် မိန်းမတွေကို အဲလောက်မုန်းရအောင် မောင့်ကို ကျွန်မတို့ မိန်းမတွေက ဘာလုပ်နေလို့လဲ "

" ဘာလုပ်ရမှာလဲ ...တစ်ယောက်မှ အချိုးမပြေဘူး...တစ်ယောက်လာလည်း ဒီအချိုး၊ နှစ်ယောက်လာလည်း ဒီအချိုး. ..အားလုံး ပုံစံသွင်းထားတဲ့ အတိုင်းပဲ ..."

" ကျွန်မတို့ မိန်းမဆိုတာသာ မရှိခဲ့ရင် မောင်ဆိုတာလည်း ဒီနေ့ လူဖြစ်လာမှာတောင် မဟုတ်ဘူး နားလည်လားမောင် "

" နားလည်တယ် .... ဒူးနေရာဒူး၊ တော်နေရာတော် ဆိုတာလည်း ရှိတယ်၊ နေရာတိုင်းမှာ အမျိုးသားတွေနဲ့ အခွင့်ရေး တန်းတူဆိုပြိး ဝင်ဝင်နေတာ ကြည့်လို့ကို မရဘူး... "

" အဲလို ဝင်ယူတယ်ဆိုတာလည်း ယူနိုင်တဲ့ အရည်ချင်းရှိတဲ့သူမို့ ယူနိုင်တာလေ၊ နေရာဆိုတာ အရည်ချင်းရှိတဲ့သူ အတွက်ပါ မောင်ရဲ့ ... သူ့မှာ အရည်ချင်းရှိနေရင် သူ့အရည်ချင်းကို အသိမှတ်ပြုရမှာပေါ့..... ယောက်ျားဆိုပြိး တစ်ချို့တစ်ချို့သော ယောက်ျားတွေ မိန်းမ တစ်ယောက်လောက်တောင် အသုံးမကျ၊ အသုံးမဝင်တဲ့ လူတွေ လောကမှာ ဒုနဲ့ဒေးပါ မောင် ..."

" နှင်းလဲ သတိထားနေပါ ၊ မောင်မကြိုက်ဘူးဆိုတာ တွေ အကြိမ်ကြိမ် ချိုးဖောက်နေတာ မောင်ကြည့်နေတာ အကောင်းမှတ်မနေနဲ့ ဒါပဲ မောင်ပြောမယ် ... "

" စောရီးပါမောင်...အဲဒီအတွက် စိတ်မကောင်းပါဘူး ကျွန်မမှာ တမင်ရည်ရွယ်ချက် မရှိသလို၊ ရည်ရွယ်ပြီး လုပ်တာမဟုတ်တဲ့ အတွက် ကျွန်မ မမှားဘူးမောင်... ပြီးတော့ အမိန့်ဆန်တဲ့ မောင်ရဲ့ ဆန္ဒတွေကို ကြည်ကြည်ဖြူဖြူ နာခံတက်တဲ့ ဥာဉ် ကျွန်မမှာ မပါဘူးမောင်..."

" နှင်း...စကားပြောတာ ဆင်ခြင်နော် ... မောင်ပြောနေတာတွေက နှင်းကို ချစ်လို့ ဆိုတာ နှင်းမသိလို့လား.."

" ချစ်တယ် ဆိုတဲ့ စကားလုံး တွင်တွင်သုံးပြိး လူကို လှုပ်မရအောင် တုတ်နှောင်ထားတာမျိုးတော့ ကျွန်မ အသက်ရူ ကြပ်တယ်မောင်.. လူတိုင်းမှာ စဉ်းစားဆင်ခြင် နိုင်တဲ့ အသိဥာဏ်တွေ ရှိတယ်... လုပ်သင့်မလုပ်သင့် ဝေဖန်ပိုင်းခြား နိုင်တဲ့ ဆင်ခြင်ဥာဏ်ရှိတယ်မောင် ... "

" မောင်မသိဘူး နှင်း ...မောင်ကတော့ မောင်မကြိုက်ဘူးဆိုတဲ့ အရာမှန်သမျှ နှင်းဘာမှ မလုပ်ရဘူး....ဒါပဲ မောင်မကြီုက်တာ နှင်းလုပ်နေသ၍ မောင်နဲ့နှင်းကြားမှာ ပြဿနာဆိုတာ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး "

" အဲဒါဆိုရင်တော့ မောင် လူရွေးမှားနေပြီ မောင့်စိတ်ကြိုက် မောင့်အလိုအတိုင်း ဖြစ်ဖို့ ဆိုရင် ကျွန်မ မဟုတ်တဲ့ တခြား ခေါင်းငြိမ့်ခေါင်းခါ လောက်ပဲ လုပ်တက်တဲ့ ခပ်ညံ့ညံ့ မိန်းမတစ်ယောက်ကိုပဲ မောင်ရွေးချယ်သင့်တယ် ကျွန်မကတော့ မှန်တယ်ထင်ရင် မောင့်ဆန္ဒနဲ့ ဆန်ကျင်ဘက်တွေကိုလဲ ရှေ့ဆက်ပြိး လုပ်မိနေအုံးမှာ အမှန်ပဲ...မောင် "

" ဒါဆို...နှင်း အတွက် မောင်က ဘာလဲ ..."

" ချစ်သူ.. လေမောင် ...ကျွန်မရဲ့ ချစ်သူလေ "

" နှင်းပြောတာ လွယ်လှချည်လား နှင်းပြောသလို ကိုယ့် စိတ်ကြိုက် ဖြစ်မယ့် မိန်းမတစ်ယောက်ကို မှရွေးပြီး ချစ်လို့ရမယ်ဆို အစကတည်းက ရွေးပြီး ချစ်ခဲ့ရင် နှင်းအလှည့်တောင် ရှိလာမှာ မဟုတ်ဘူးနှင်း၊ အချစ်ဆိုတာ လုပ်ယူလို့မရပေမယ့် ကိုယ်ချစ်တဲ့ သူကို ပြုပြင်ယူလို့ ရမယ်ထင်လို့ နှင်းကို မောင့်စိတ်ကြိုက် ပြုပြင်ယူနေတာ နှင်း ..."

" ကိုယ်ပိုင် ယုံကြည်ချက်တွေနဲ့ ရှင်သန်နေကြတဲ့ သူတွေကို ဘောင်ထဲ၊ကျဉ်းထဲမှာမှ ထားချင်နေတယ် ဆိုရင်တော့ မောင်နဲ့ ကျွန်မ ဘယ်တော့မှ ပြေလည်မယ် မထင်ဘူးမောင်... ကျွန်မက ကိုယ်ကိုကိုယ် ယုံကြည်မှု အပြည်ရှိသလို ကိုယ့်ခြေထောက်ပေါ်ကိုယ် ပိုင်ပိုင်နိုင်နိုင် ရပ်တည်နေတဲ့ မိန်းမ တစ်ယောက် ဖြစ်နေတဲ့အတွက် မောင့်ရဲ့ အမိန့်ဆိုတဲ့ ဘောင်ကျဉ်းကျဉ်းလေး ထဲမှာ ရှင်သန်ဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ပါဘူးမောင်... မောင်လည်း မောင်ကြိုက်သလို ကြိုးစားလေ... ကျွန်မလည်း ကျွန်မ လိုက်လျော နိုင်သလောက်ပဲ လိုက်လျောမှာပေါ့. အလျှော့.....အတင်း မညီမျှရင်တော့ ကျွန်မလည်း ဘာမှ တက်နိုင်မယ် မထင်ဘူးမောင် .."

" နှင်း..မောင့်ကို ချစ်တယ်ဆိုတာ ဘာလဲ နှင်းချစ်တာ မောင့်ကိုမဟုတ်ပါဘူး နှင်းတစ်ကယ် ချစ်တာ နှင်းရဲ့ မာနတွေကိုပါ .."

" အဲဒီလို ပြောကြေးဆို မောင်လည်း ကျွန်မကို မချစ်ပါဘူး မောင်ချစ်တာ မောင့်ရဲ့ အတ္တကိုပါ မောင် "

ကျွန်မရော မောင်ပါ ပြောစရာ စကား မရှိတော့သလို နှုတ်ဆိတ် သွားကြသည်။ အဲလိုပါပဲ မောင်နဲ့ ကျွန်မ အပြန်လှန် အခြေတင်ဖြစ်ရင်း နောက်ဆုံး နှစ်ယောက်စလုံး နှုတ်ဆိတ်နေလျှက် တွေ့ဆုံချိန်တွေကို ကုန်ဆုံးစေမြဲပင်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxx

" မောင်.... "

" ပြောလေ နှင်း... "

" ကျွန်မသာ မောင်နဲ့ ဖူးစာ မဆုံခဲ့ရင် မောင်ရဲ့ အိမ်ထောင်ဖက်ကို ကျွန်မ စိတ်ဝင်တစားနဲ့ကို လာတွေ့ဖြစ်မှာ သိလား.. မောင် ဘယ်လိုလူမျိုးနဲ့များ အိမ်ထောင် ကျလေမလဲလို့ ..တွေးမိတယ် .. "

ကျွန်မရဲ့ အပြောကို မောင်က နားမလည်စွာဖြင့်

" နှင်းစကားက ဘာလဲ..."

" သြော် ..လောကမှာ ဖြစ်တက် တာလေးတွေကို အပြုသဘော ဆောင်တဲ့ အတွေးမျိုးနဲ့ တွေးကြည့် တာပါမောင် ... ကျွန်မက ဘာပဲ လုပ်လုပ် ကြေငြာပြီးမှ လုပ်တက်တဲ့ သူဆိုတာ မောင်သိနေတာပဲလေ... ကျွန်မ မောင့်ကို ပြောစရာ ရှိတယ်မောင် "

" ဘာလဲနှင်း.... မောင့်ကို ရာဇဝင်ထဲမှာ ချန်ထားရစ်ခဲ့မယ့် အကြောင်းများလား နှင်း ... "

အဲဒီလောက် တော်တဲ့မောင်ပါ။ ကျွန်မ ပါးစပ်ဟတာနဲ့ ဘာပြောနိုင်တယ်ဆိုတာ အတက်သိနေတက်တဲ့ သူပဲ။

" မောင်က စာတော်ရုံတင်မကဘူး ခန့်မှန်းတာလဲ တော်တာပါပဲလား...."

ကျွန်မရဲ့ ရိသဲ့သဲ့ ခနဲ့သံကို ဖုံးလောက်အောင်ပဲ မောင်က ခပ်ဖွဖွ သေသေရပ်ရပ်လေး ရယ်မော လိုက်၇င်း

" ဟားးးးး...ဟားးးးး....နှင်းရယ်..ကိုယ်ချစ်မြတ်နိုးတဲ့ မိန်းမတစ်ယောက်ရဲ့ အတွင်းစိတ်ကိုမှ မမြင်နိုင်ရင် အဲဒီလူမှာ အဲဒီမိန်းမကို ချစ်ဖို့ရာ မထိုက်တန်ဘူးတဲ့ ...အဲဒီတော့ မောင် နှင်းရဲ့ နှုတ်ခမ်းက ထွက်လာမဲ့စကားမှ မဟုတ်ပါဘူး ....နှင်းရဲ့ မျက်လုံးတွေထဲက အဓိပ္ပါယ်ကိုပါ မပြောလည်း ဖတ်တက်နေပါတယ်နှင်း.... နှင်း အနေနဲ့ ကြိုတင် ပြင်ဆင်ပြိးသား ဖြစ်နေမှာ ဆိုတာ သိနေလေတော့...မောင် မတားပါဘူး ...နှင်း စိတ်ကြိုက် ရွေးချယ်ခွင့်ရှိတယ် ...ကိုယ့်နားမှာ မနေချင်လို့ ထွက်သွားမယ့် မိန်းမ တစ်ယောက်ကို တားဆီးဖို့ မောင့်မာနတွေက လက်မခံဘူးနှင်း....အဲဒီအတွက် နှင်းကို မောင်မတားမိတဲ့ အတွက် စောရီးပါ ..နှင်း....နှင်းစိတ်ကြိုက် ရွေးချယ်ခွင့် အပြည့်ရှိတဲ့ အတွက်...နှင်သဘောပါ မောင်မမတားပါဘူး....မကြေငြာပဲ ဘာမှမလုပ်တက်တဲ့ နှင်းအတွက် ကြိုတင် စဉ်းစား ပြင်ဆင်ပြိးသား ဖြစ်နေတဲ့ ဆုံးဖြတ်ချက်အတွက်လဲ အရာအားလုံး အဆင်သင့် ဖြစ်နေလောက်ပြီလို့ မောင် ထင်တယ် .."

" ဟုတ်တယ် မောင် ကျွန်မဘက်က အရာအားလုံး အဆင်သင့် ဖြစ်နေပြီ၊ ကျွန်မနဲ့ မောင် ရှေ့ဆက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ထင်တယ် ..."

" ...ရပါပြီနှင်း.....ဒီလောက်ထက်ပိုပြိး ဘာမှ ပြောဖို့မလိုပါဘူး.....တစ်ကယ်တော့ အကြောင်းပြချက်ဆိုတာ ဘာအတွက်ကြောင့်နဲ့မှ ပြဖို့ မလိုပါဘူး....နှင်း..."

" ကျေးဇူး တင်ပါတယ်လို့ ... "

ကျွန်မရဲ့ စကားမဆုံးခင်ပဲ မောင်က

" ထပ်ပြောလိုက်မယ် နှင်း.... မလိုပါဘူး..."

" ကောင်းပြီ မောင်...ကျွန်မတို့နှစ်ယောက် ဒီလို အဆုံးသတ်မျိုး ကြုံရမယ်လို့ ထင်ကောင်းထင်ခဲ့၊ တွေးကောင်း တွေးမိခဲ့ ပေမယ့် အခုလောက် အေးစက်စက် တည်တည်ငြိမ်ငြိမ် ဖြစ်နေလိမ့်မယ်လို့တော့ မတွေးမိခဲ့တာ အမှန်ပဲ ....မောင်...ဘာပဲဖြစ်ဖြစ် အရာအားလုံးဟာ အခုကနေစပြီး ကျောခိုင်းလိုက်တာနဲ့ ပြိးဆုံးသွားပြီ..နှုတ်ဆက်ခဲ့ပါတယ်မောင် "

မောင့်ကို နှုတ်ဆက်ပြီး ကျွန်မအရင် ကျောခိုင်းခဲ့လိုက်သည်။ မောင် ဘယ်လို ကျန်ရစ်ခဲ့မည်ဆိုတာ ကျွန်မမသိပေမယ့် ကျွန်မကို မောင် ထိုင်ကြည့်နေခဲ့လိမ့်မည် မဟုတ်ဆိုတာတော့ ကျွန်မအတက်သိနေခဲ့သည်။ မောင့်အတွက် စွန့်ခွာသွားသူ တစ်ယောက်ရဲ့ နောက်ကျောကို စိတ်ပြေနပြေ ထိုင်ကြည့်နေမယ့် ယောက်ျား တစ်ယောက်မဟုတ်တာ ကျွန်မ အသိဆုံးပဲလေ။ သေချာနေတာ မောင်လဲ ကျွန်မနဲ့ တပြိုင်နက် ကျောခိုင်းဖို့ ဝန်မလေးမယ့် သူတစ်ယောက်ပဲ။ ကျောခိုင်းပြီးမှ ဝေ့ဝဲလာတဲ့ မျက်ရည်တွေက အမြင်အာရုံကို ကြိးစွာ အနှောင့်ယှက် ပေးနေပေမယ့် ကျွန်မ မတားဆီးတော့ဘူးမောင်။ နေပါစေ ..တော့....လွတ်လပ်စွာပဲ တစ်ကြိမ်တစ်ခါ ငိုကြွေးခွင့် ရရှာမှာလေ။ နောက်နေ့..ဆို မျက်ရည်ကျဖို့ ကျွန်မ ခွင့်ပြု နိုင်မယ် မထင်လို့ ဒီတစ်နေ့တော့ လွတ်လပ်စွာ ကျဆင်းခွင့် ပြုလိုက်ပရစေတော့မောင်။

xxxxxxxxxxxxxxxxxxxxxxxxxx

" သား....၊ သားသား ...ဘယ်လိုလဲ သက်သာရဲ့လားသား၊ အရမ်းနာနေ သေးလားဟင် "

ကျွန်မရဲ့ စိုးရိမ်တစ်ကြိး မေးခွန်းကို သတိရကာစ မေ့ဆေးအရှိန်ကြောင့် သားငယ်ဟာ ခေါင်းတောင် မညိမ့်ပြနိုင်ပါ။ မျက်လုံးများဖြင့်သာ မျက်တောင် ပုတ်ခတ်၍ အဖြေပေးရှာသည်။ ဟုတ်ပေသည်ပဲ ခွဲစိတ်ခံထားရဲ့ သားရဲ့ ဖျော့တော့ ဟန်ကို ကြည့်ပြီး ကျွန်မ မျက်ရည် အလိုလို ရစ်ဝိုင်းလာရသည်။ ဖြစ်နိုင်လျှင် သားအစား ကျွန်မသာ ခံယူလိုက်ချင်သည်။ သားငယ်သည် သားကြီးနှင့်မတူ မွေးခါစမှ စ၍ အလွန်အမင်း ချူချာ တက်သောကြောင့် အမြဲပင် ပိုးမွေးသလို ဂရုတစိုက် ရှိနေခဲ့ပါလျှက်နှင့် ယခုလည်း အူအတက်ပေါက် သောကြောင့် ခွဲစိတ်ရသည့် အထိ ဖြစ်ရသူလေးပင်။ သားရဲ့ဖခင် လုပ်သူသည် သဘောင်္ အင်ဂျင်နီယာ တစ်ဦးဖြစ်သောကြောင့် မိသားစုနှင့် အမြဲတစ်စေ မိသားစု အနားတွင် မရှိနိုင်သောကြောင့် ကျွန်မ တစ်ဥိးတည်း သားနှစ်ယောက်ကို အချိန်ပြည့် ဂရုစိုက်နေလျှက်မှ ထိုသို့ ဖြစ်ရခြင်းပင် ဖြစ်၏။ သားငယ် ရုတ်တရက် ခွဲခန်းဝင်ရချိန်တွင် ခင်ဗွန်းသည်တစ်ယောက် အနားတွင်မရှိသည်က တစ်ကြောင်း သားငယ်အတွက် စိုးရိမ်စိတ်က တစ်ကြောင်းနဲ့ တစ်ယောက်ထဲ မျက်ရည်သည်သာ အဖော်လုပ်ရင်း ဘုရားတကာ ဆုတောင်းနေခဲ့ရသည်။ သားငယ် ခွဲခန်းက ထွက်သတိပြန်ရမှ စိတ်နည်းနည်း သက်သာရာ ရခဲ့ခြင်းပင်။

" မေမေ သားရေဆာတယ်....ရေသောက်ချင်တယ် .."

" သြော်....သားရယ် ခုလောလောဆယ် သားရေသောက်လို့ မရသေးဘူး သားရဲ့... နော်...သား ..မေမေ လုပ်ပေးမယ် ခဏလေး သား.."

ရေဆာသည်ဟု ပြောသား သားငယ်အား ဂွမ်းစဖြင့် သားနှုတ်ခမ်းပေါ်သို့ ရေကိုစွပ်ရုံမှသာ တို့ပေးလိုက်ရင်း မျက်ရည်က အလိုလို ဝဲလာပြန်သည်။ မိခင်တစ်ယောက်မို့ ရင်သွေးငယ်ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့အခါ နာကျင်ရတဲ့ နာကျင်မှုမျိုးက မိဘဖြစ်တဲ့အခါမှသာ ကိုယ်ချင်းစားနိုင်ကြမည်သာ။

" သား....အများကြိး သောက်လို့ မရသေးဘူးနော်..ခဏတော့ သီးခံပါ သားရယ် ..နော် ..သား "

သားကို ကျွန်မ ချော့မော့ ပြောလိုက်သည်။ အနားတွင် အသင့်ရှိနေသော ကျွန်မရဲ့ မေမေထံမှ

" နှင်း... သမီး... ဆ၇ာဝန်ကြိးနဲ့ သွားတွေ့စရာ ရှိသေးတယ်ဟုတ်..သွားလေ မြေးလေးကို မေမေတို့ ကြည့်ထားလိုက်မယ်"

သားဇောကြောင့် ဆရာဝန်ကြိးနဲ့ တွေ့ဖို့တောင်မေ့သွားခဲ့သော ကျွန်မ မေမေ့စကား ကြားမှ သတိရသည်။

" ဟုတ်သားပဲ ..ကြည့်စမ်းမေ့နေလိုက်တာ ..သားသား မေမေ ခဏပဲကြာမယ်နော် ပြိးရင် မေမေပြန်လာခဲ့မယ်နော် .."

သားကို သတိတရ လှမ်းနုတ်ဆက်တော့ သားက မျက်တောင်မှတ်၍ အဖြေပေးရှာသည်။ သားကို စိတ်မချနိုင်စွာ ကြည့်ရင်း ကျွန်မ ဆရာဝန်ကြိးနှင့် တွေ့ဖို့ ထွက်လာခဲ့သည်။ ညကျရင် သားရဲ့ဖခင် ဖုန်းဆက်မည် ထင်သည်။သူလဲ အလုပ်ကြောင့်သာ မိသားစုနှင့် ဝေးနေပေမယ့် သားထိုသို့ ဖြစ်ချိန် စိတ်ပူနေလောက်မည်မှာ မလွဲ။ တိုက်တိုက်ဆိုင်ဆိုင် သားဆေးရုံတက်ချိန် သဘောင်္ာ ကမ်းကပ်ချိန်နှင့် တိုးသောကြောင့်သာ သားငယ်ဆေးရုံတက်ရတာ သိနိုင်ခြင်းပါ။ ကမ်းဝေးရောက်နေချိန်ဆို သိနိုင်ရှာမည်မဟုတ်။


xxxxxxxxxxxxxxxxxxxxxxxxx


ကျွန်မသည် ဆရာဝန်ကြိးနှင့် တွေ့ဆုံပြိး သားအတွက် လိုအပ်သည့် စာရွတ်များ ပေး၍ ထွက်လာခဲ့သည်။အတွေးတို့ဖြင့် ဝေနေမိရင်း ဆေးရုံထောင့်ချိုး တစ်ခု အရောက်တွင်

" အင့်......."

ရုတ်တရက်မို့ ပါပဲထင်ရဲ့။ လက်ထဲတွင် ကိုင်ထားသော ဖုန်းနဲ့ သားရဲ့ ဆေးစာရွက်တစ်ချို့ လွင့်ကျသွားသည်။

" အာ...စောရီးပါ ဗျာ...... ကျွန်တော် နည်းနည်း လောသွားလို့ မမြင်လိုက်မိဘူး "

" ရပါတယ်..ရှင် "

စာရွက်စာတမ်းများအား ကျွန်မနဲ့ တိုက်မိသည်သူနှင့် အပြိုင်ကောက်ယူဖို့ ကြိုးစားရင်းနဲ့ပဲ တိုက်မိသူအား ကျွန်မ မော့ကြည့်မိတော့...

"ဟင်... နှင်း..... "

" မောင် ..."

မောင်ဟု ကျွန်မနှုတ်မှ ခေါ်သံကို ထိန်းချုပ်ဖို့ ကျွန်မ မတက်နိုင်ခဲ့ပေ။ ရုတ်တရက်မို့ မောင်ရော ကျွန်မပါ တအံတသြ ရေရွတ်သံနှင့်အတူ မောင်က ကျွန်မအား စာရွက်များနှင့် ဖုန်းအား ကမ်းပေးသည်။

" နှင်းက ဘယ်ကနေ ဘယ်လို .... တစ်ယောက်ယောက်များ..."

" ကျွန်မရဲ့ သားငယ်လေ အစာအိမ် အူအတက်ပေါက်လို့ အားချင်း ခွဲရတာနဲ့လေ....."

" ဟုတ်လား..."

ကျွန်မကို ကြည့်ပြီး တအံ့တသြ ဖြစ်နေရှာတဲ့မောင်။

" အင်း..ခုနကမှ သတိပြန်ရတာနဲ့ ဆ၇ာဝန်ကြိးဆီ သွားတွေ့ရင်း ပြန်လာတာ.."

" သားက ဘယ်အရွယ်ရောက်နေပြီလဲ.. သားတစ်ယောက်ထဲလား.."

" နှစ်ယောက်ပါ..သားကြိးက(၉)နှစ်၊ သားငယ်က (၆)နှစ်..ဒါနဲ့ ကိုလင်းကရော.."

" ကိုယ်လဲ နှစ်ယောက်ပဲ နှင်း သားတစ်ယောက်၊သမီးတစ်ယောက် ဆိုပါတော့ သားက(၇)နှစ်၊သမီးက ခုမှ(၃)နှစ်ပဲ ရှိသေးတယ် "

" ဟုတ်တာပေါ့ ...ကျွန်မတို့ မဆု့ဖြစ်ကြတာ တော်တော်လေး ကြာခဲ့ပြီပဲလေ.."

ကျွန်မရော မောင်ပါ ပြောစရာ စကားကုန်သွားသလို တိတ်ဆိတ်သွား ပြန်သည်။ မောင့်လက်ထဲတွင် ကိုင်ထားသော အမွေးပွပွ အရုပ်လေးဆီ ကျွန်မလှမ်းကြည့်မိတော့

" ဒါက သမီးငယ်လေ ဂျီကျတာ အရမ်း..သူ့အရုပ်လေး ကားပေါ်မှာ ကျန်ခဲ့တာ အတင်းပူဆာနေတာနဲ့ သွားယူလာပေးတာ.. "
မောင်က မလုံမလဲ ပြုံးရင်း ဖြေရှာတဲ့ မောင်မျက်ဝန်းတွေမှာ သမီးပေါ်မှာ ထားရှိတဲ့ ချစ်စနိုးနိုင်လှတဲ့ မေတ္တာရိပ် တို့ပေါ်လွင်လျှက်။
" သြော်..ဒါနဲ့ ...ကိုလင်းရဲ့ သားက ဘာဖြစ်လို့လဲ.."

" သွေးလွန်တုတ်ကွေးလေ သူ့အမေက စိုးရိမ်နေတာနဲ့ စစ်ကြည့်လိုက်တော့ အသေအချာပဲမို့ အားချင်း ဆေးရုံတင်လိုက်တာ စောစောသိရတော့ စိုးရိမ်စရာ မရှိတော့ဘူးလေ... သားက နေကောင်းနေပြီ၊ နေ့လည် ဆရာဝန် Round လှည့်ပြီးရင် ဆင်းရတော့မယ် ထင်တယ် "

" အင်းကောင်းတာပေါ့ ...သားငယ်ကတော့ နေရအုံးမယ် ဘယ်လောက်ကြာမလဲ မသိ၊ တစ်လက်စထဲ ဆေးရုံက ဆင်းမယ်ဆိုတော့ ကိုလင်းရဲ့ သားနဲ့ သမီးကို မြင်ဖူးအောင် သတင်းမေး လိုက်ခဲ့မယ်လေ "

ကျွန်မရဲ့ အပြောကို မောင်က ခေါင်းညိမ့်ပြီး အသိမှတ်ပြုသည်။ မောင့်နှင့်အတူ ယှဉ်လျှောက်မိရင်းမှ မောင့်အား လှမ်းမော့ကြည့်မိတော့ မောင်သည်လည်း ကျွန်မလိုပင် စိတ်လှုပ်ရှားနေပုံပင်။ ဟိုးယခင် အချိန်တွေလိုပဲ မောင်သည် နုပျိုသပ်ရပ် နေဆဲပင်။ ချောမွေ့တည်ကြည်တဲ့ မောင့်မျက်နှာဟာ ဟိုးတုန်းကလိုပဲ ငေးမောချင်စရာ ကောင်းနေဆဲပင်။ ရှပ်အဖြူတွေကိုမှ နှစ်သက်စွာ ဝတ်ဆင်တက်သော မောင်သည် ယခုတိုင်လဲ ဝတ်နေဆဲပင်။ လက်ထဲမှ အရုပ်လေးအား ဆော့ကစားရင်းမှ

" သမီးက စိတ်နည်းနည်း ထက်တယ် ဒါဆို..ဒါမှလေ.. "

ဟု ရယ်သမ်းသွေး၍ ပြောတော့ ကျွန်မက

" အဖေတူလို့ နေမယ် ....နော် " ဟုပြောတော့ မောင်က ခပ်ဖွဖွရယ်မောရင်း

" ကိုယ်ကတော့ သမီးကို မြင်တိုင်း နှင်းကို ပိုသတိရတယ် " လို့ဆိုသည်။

xxxxxxxxxxxxxxxxxxxxxxxxx

မောင့်သားရဲ့ လူနာခန်းသို့ ရောက်တော့ အေးဆေးဖော်ရွေပြီး နှစ်လိုဖွယ် အမျိုးသမီးတစ်ယောက်က အပြုံးဖြင့် ဆီးကြို၏။ မောင့်ရဲ့ သမီးငယ်လေးက မောင့်အား မြင်သည်နှင့် အပြေးလာပြီး မောင့်ထံသို့ လက်နှစ်ဖက် ကမ်းပေးပြီး သူ့အား ချီစေသည်။

" ကိုကိုရေ ..သမီးက ဂျီကျနေတာ ...မရဘူး..တော်တော်ဆိုးဆိုး ...ဖေဖေ...ဖေဖေနဲ့ "

မောင်သည် ဇနီးသည်၏ အပြောကို အပြုံးဖြင့် နားထောင်ရင်း သမီးဘက်သို့ လှည့်ကာ

" သြော် ...ဖေဖေက သမီးအရုပ်လေး သွားယူပေးနေတာလေ သမီးရဲ့ ....မိတ်ဆက်ပေးရအုံးမယ် နေခြည် ..ဒါက နှင်းတဲ့ ..နှင်း..ဒါကိုယ့်အမျိုးသမီး နေခြည်လေ ..မဆုံဖြစ်ကြတာ တော်တော်ကြာပြီ ...."

မောင်က ကျွန်မနှင့် ဇနီးဖြစ်သူအား မိတ်ဆက်ရင်း အကြမ်းဖျင်း ကျွန်မနှင့် ပြန်ဆုံတွေ့ပုံကို ရှင်းပြနေ၏။

" နေခြည်က ချောသားပဲ ကြည့်ပါအုံးသား.နဲ့သမီးကလည်း အဖေချော အမေချောဆိုတော့ .. ဒါကြောင့် ကိုလင်း ပစ်ကျသွားရတာ နေမယ် "

" မဟုတ်တာနော်..မမကမှ ပိုလှတာ..."

ရည်မွန်အေးဆေးပုံ ရသော နေခြည်နှင့် စကားစမြည်ပြောရင်းမှ ကျွန်မ နှုတ်ဆက် စကားဆိုတော့

" ဒါဆို ကျွန်မပြန်လိုက်အုံးမယ်နော် သားငယ်မျှော်နေလောက်ပြီ.. ဒီနေ့ပဲ ဆေးရုံက ဆင်းမယ်ဆိုတော့ တစ်မိသားလုံး မြင်ဖူးရအောင်လို့ သတင်းမေး လာလိုက်တာ ...သားငယ်ကတော့ တစ်ပတ်လောက်တော့ နေရမယ်ထင်တယ် ..ကဲ..ပြန်ခွင့်ပြုပါအုံးပါနော်..."

" နှင်း ..ကိုယ်ပြန်လိုက်ပို့ပေးမယ် .."

" .ဟာ...နေပါစေ ကျွန်မဘာသာပဲ ပြန်လိုက်ပါ့မယ် ဝေးမှမဝေးပဲ..ဒုတိယထပ်တွင်ပဲဆိုတော့.."

" အင်း အဲဒါဆို မနက်ဖြန်မှ ကိုယ် သတင်းမေး ထပ်လာခဲ့မယ်လေ.... နှင်းသားရဲ့ အခန်းနံပါတ်လေး ပြောခဲ့လေ "

" xxxxxx ....ကဲ သွားခွင့်ပါအုံးနော်...နေခြည်..."

" ဟုတ်ကဲ့..မမ "

မောင့်တို့ကို နှုတ်ဆက်ပြိး ကျွန်မထွက်လာခဲ့တော့ မောင့် အကြောင်းတွေက ခေါင်းထဲ အစီအရီ ဝင်ရောက် လို့လာသည်။


xxxxxxxxxxxxxxxxxxxxxxxxxxxxxx


နောက်တစ်နေ့ မနက်ဧည့်တွေ့ချိန်ရောက်တော့ မောင်တစ်ယောက်ထဲ ဆေးရုံသို့ ရောက်လာသည်။

" သြော်....ကိုလင်းတောင် ရောက်လာပြီ "

" အင်း..နှင်း....ဟုတ်တယ် သား..သက်သာလား ဘယ်လိုနေသေးလဲ နာနေမှာပဲ.."

မောင်က ကျွန်မကို အဖြေပေးရင်း ကုတင်ပေါ် လှဲနေသောသားအား တစ်ဆက်ထဲ မေးလိုက်သည်။

" ဒီနေ့မှ နည်းနည်း လန်းလန်းဆန်းမြင်ရတယ် ..အစာတော့ စားလို့မရသေးဘူး အရည်ပဲ သောက်ရတယ်လေ "

" သားက အဖေတူ ဖြစ်ရမယ် "

လို့ သားကိုကြည့်ပြီး မောင်ဆိုသည်ကို ကျွန်မ ဘာမှမပြောပဲ နှတ်ဆိတ်နေလိုက်သည်။ မောင်သည် သားငယ်နှင့် စကားတွေပြောရင်းမှ ကျွန်မဘက်သို့ လှည့်ကာ

" နှင်းသားက ဘယ်ဆိုးလို့လဲကွ ..တော်တော်လေး သွက်တာပဲ..ကိုယ့် သားကြိးက အဲလိုမသွက်ဘူးကွာ...အရမ်းအေးလွန်းတယ်လို့ ကိုယ်တော့ထင်တာပဲ..."

" နေခြည်နဲ့ တူတာဖြစ်မယ် နေခြည်လည်း အေးပုံပဲ "

ကျွန်မအပြောကို မောင်က ခေါင်းညိမ့်ကာ ထောက်ခံ၏။ အချိန်တော်တော်လေး ကြာတော့မှ မောင်က ပြန်မည်ဟု ဆိုတာ ကျွန်မအား

" နှင်း အချိန်ရရင် ကိုယ်တို့ ကော်ဖီသောက်ရင်း အေးအေးဆေးဆေး စကားပြောလို့ရမလား "

ဟု ကျွန်မအား ခွင့်တောင်းသလို ပြောတော့

" အင်း... ဝေးဝေးတော့ မသွားတော့ပါဘူး ..သားကြိးကိုလည်း ကျောင်းကြိုစရာလေး ရှိနေတော့ ဒီနားက နိးနိးနားဆိုင် တစ်ခုမှာဆို ပိုအဆင်ပြေမယ် ထင်တယ် ..."

" ရပါတယ်..နှင်း...အဆင်ပြေသလိုပဲပေါ့..."


xxxxxxxxxxxxxxxxxxxxxxxx

ကော်ဖီဆိုင်ရောက်တော့ မောင်ကပဲ ဦးဆောင်ကာ နက်ကော်ဖီ နှစ်ခွက်လို့ ဝိတ်တာလေးကို လှမ်းမှာရင်း ကျွန်မကို ပြုံး၍ ကြည့်နေ၏။ ကျွန်မစိတ်ထဲ မောင်သည်လည်းပဲ နက်ကော်ဖီကို နှစ်သက်စွာ စွဲစွဲမြဲမြဲ ခုချိန်ထိ သောက်နေဆဲပါလားလို့ တွေးမိသည်။

" နှင်းက အရင်က အတိုင်းပဲ ဘာမှမပြောင်းလဲဘူး..... ကိုယ် ..နှင်းကိုယ် ဝန်ခံစရာ စကားတစ်ချို့လည်း ရှိနေလို့...ပါနှင်း။ ...ကိုယ် ..နှင်းကို သတိရနေခဲ့ပါတယ် "

မောင့်ရဲ့ ဝန်ခံချက်တွေက အမှန်တရားတွေပဲ ဆိုတာ တုန်ခါနေတဲ့ အသံလှိုင်းတွေက သက်သေပါပဲ။ ကျွန်မလည်း မောင့်ကို သတိရနေခဲ့တာပါလို့ ပြန်လည် မဆိုမိပေမယ့် ရင်ထဲမှ အမှန်တရားတစ်ချို့ကို မောင်လည်း ခန့်မှန်းမိနိုင်မှာပါ။ ခဏကြာတော့ ဝိတာလေး လာချပေးသော နက်ကော်ဖီခွက်ကို လှမ်းယူရင်း ကျွန်မအတွက် ဖျော်ပေးတော့ မောင့်ရဲ့ လုပ်ရီုးလုပ်စဉ် ပြုမှုနေကျ ပုံစံအတိုင်း။

ယခင်လိုပဲ ကြင်နာနေဆဲဆိုတဲ့ အသိကြောင့် ကျွန်မရုတ်တရက် အသက်ရူကြပ်မတက် လှိုက်မောခဲ့ရတယ်။ ဘာလို့များ ကျွန်မတို့နှစ်ယောက် ဝေးကွာစေခဲ့တာလဲမောင်။ ကျွန်မတို့ နှစ်ယောက်အတွက် အကောင်းဆုံး အဖြေတစ်ခု ရှိနေခဲ့ ပါလျှက်နဲ့..ခုတော့ ကိုယ်စီရွေးချယ်ခဲ့ ကြတဲ့ ကိုယ်ပိုင်လမ်းတွေမှာ ခရီးပင် တော်တော်လေး ရောက်နေ ခဲ့ကြပြီလေ။ မောင်ဖျော်ပေးတဲ့ ကော်ဖီခွက်လေးအား ငေးမောကြည့်ရင်း ကျွန်မ နှလုံးသွေးတို့ပင် ပြောင်းပြန်စီးနေလေပြီလား။

" ကိုယ်အရင်က ပူလောင်နေခဲ့မိတယ်.. မိန်းမတွေကို မုန်းတီးတဲ့ စိတ်က အချစ်မေတ္တာဆိုတဲ့ စိတ်ထက် ပိုလွန်နေခဲ့တာ..
အရာရာမှာ သံသယ မျက်လုံးတွေနဲ့ချည်း ရှိနေခဲ့တယ်..
ကိုယ့်ဘေးမှာ မှီတွဲနေတဲ့ ချစ်သူကိုတောင် အပူတွေချည်း ပေးနေခဲ့မိအောင်ပါပဲ...အဲ့အချိန်က ကိုယ်ဟာ ပူလောင်ပြင်းပြနေတဲ့ နေမင်း တစ်စင်းပဲ...နှင်း.. အနီးအပါးက ဘယ်အရာကိုမဆို တောက်လောင်ပစ်မယ်...
ဝါးမျိုပစ်မယ်...ကိုယ့်ကမ္ဘာမှာ မိုးနဲ့ ဆောင်းဆိုတာ မရှိခဲ့ဘူး... နွေခေါင်ခေါင်သာ အတိပြီးခဲ့တယ်ပေါ့နှင်းရယ်....နှင်း နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ -တော့...
အဲ့ဒီ နှင်းရဲ့ အေးမြတဲ့ ချစ်ခြင်းကို နောက်ထပ် ဘယ်နေရာမှာမှ ရှာမရတော့ဘူး ဆိုတာ ကိုယ်ဝမ်းနည်းစွာပဲ သိလိုက်တယ်...နှင်း။ တစ်ကယ်တော့ နှင်းရယ်..ကိုယ့်ရဲ့ နွေမှာ နှင်းမပျောက်သေးပါဘူး ဆိုတာ...နှင်းကို သိစေချင်ရုံလေးပါ ..."

နှစ်ပေါင်းများစွာ မြိုသိပ်ခဲ့သော စကားလုံးတွေကို ဖွင့်ဟ ဝန်ခံရင် မောင့်မျက်ဝန်းသည် အနည်းငယ် နီးစွေးလို့နေသည်။ ဟိုးယခင်လို မိန်မမုန်း ဝါဒီသမား တစ်ယောက် မဟုတ်တော့တဲ့ မောင်က ယခင်လိုပဲ နုပျို လတ်ဆက်နေဆဲပင်။ အချိန်အတော်ကြာ ကျွန်မတို့ နှစ်ဦး နှုတ်ဆိတ် သွားကြပြန်သည်။ ရှေ့သို့သာ ဦးတည်ရန် ရှိနေကြတဲ့ ကျွန်မတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် တွေမှာ ဘယ်သူကမှားပြီး ဘယ်သူကမှန်တယ်ဆိုတာ ..ဝေခွဲနေဖို့ထက် ရွေးချယ်ပြီးသား လမ်းတွေကိုပဲ ဆုံးအောင် လျှောက်ကြရမယ့် တာဝန်ကိုယ်စိ အပြည့်နဲ့သာ။ မောင်နဲ့ လမ်းခွဲခဲ့ပြီး ယခု ပထမဆုံး ပြန်တွေ့ခြင်းမို့ ယခုလည်း ဒုတိယ အကြိမ်မြောက် လမ်းခွဲကြရအုံးမည်သာ။ နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့ဖို့ ဘယ်လောက်ကြာ မည်ဆိုတာ ကျွန်မတို့ နှစ်ယောက်လုံး မသိနိုင်ပေ။

ကျွန်မတို့ နှစ်ဦးရဲ့ ရင်ထဲမှာ အမုန်းတရားတွေ၊ နာကျည်းမှုတွေ မရှိပဲ ပုံစံမပျက် သိုဝှက်သိမ်းဆည်း ထားခဲ့မိတဲ့ ချစ်ခြင်းတစ်စုံဟာ နှလုံးသားထောင့် တစ်နေရာစီမှာ မတိုင်ပင်ပဲ ကိုယ်စီ သိမ်းဆည်း ထားမိနေဆဲဆိုတာ မလွဲဧကန်ပင်။ အေးစက်နေတဲ့ နက် ကော်ဖီနှစ်ခွက်ကို ကြည့်ရင်း ဟိုယခင်ကလည်း မောင်နဲ့အတူ စကားများ ရန်ဖြစ်ရင်း ကော်ဖီတွေ အေးစက်ခဲ့ရတာကို ပြန်လည် အမှတ်ရစေပြန်သည်။ ယခုလည်းပဲ ကော်ဖိတွေ အေးစက်ခဲ့ရ ပြန်ပြီမောင်။

" ကိုယ့်မှာ အကျင့်သစ် တစ်ခု စွဲနေတက်တာ တစ်ခုရှိသေးတယ် နှင်း....အဲဒါ ဘာလဲဆိုတော့ ကော်ဖီပူပူ သောက်ရတာထက် အငွေ့ လှိုင်လှိုင် ထနေတဲ့ ကော်ဖီတစ်ခွက်ကို တစိမ့်စိမ့် ငေးကြည့်ရင်း အေးစက်သွားတဲ့ ကော်ဖီကိုမှ နှစ်နှစ်ခြိုက်ခြိုက် သောက်တက်နေတဲ့ အကျင့်လေ..."

မောင်က သူ့ဘာသာ ပြောရင်း သဘောတကျ ရယ်မောနေပြန်သည်။ ကျွန်မနဲ့ မောင်တို့ရဲ့ ပြောင်းလဲမှုတွေ ထဲက တစ်ချို့ အပြုအမှုတွေဟာ မတိုင်ပင်ရပဲ တူညီနေတဲ့အကြောင်း မပြောလိုက်တော့ပဲ နှုတ်ဆိတ်နေလိုက်မိတဲ့ အတွက် ခွင့်လွတ်ပါမောင်လို့ ကျွန်မတီးတိုး တောင်ပန်လိုက်မိသည်။ အေးစက်စက် ကော်ဖီ အရသာဟာ နှစ်သက်စွဲမက်ဖွယ် မရှိပေမယ့် ဘာလို့များ ကျွန်မတို့ သောက်သု့း နေမိပါသလဲ ဆိုရင်...ကျွန်မတို့ ကိုယ်တိုင်ရဲ့ ရွေးချယ်မှုလို့ပဲ ဆိုရမှာပေါ့မောင်..။

ဒီတစ်ကြိမ်တော့ ကျွန်မ နုတ်ဆက် လက်ပြ ထွက်ခွာသွားတဲ့ မောင့်ကျောပြင်ကို မျက်စိတစ်ဆုံး ငေးမောကြည့်နေမိရင်း တစ်ရွေ့ရွေ့ ကွယ်ပျောက်သွားတဲ့ မောင့်ပုံရိပ်တွေရဲ့ အဆုံးမှာ ကျွန်မရဲ့ အမြင်အာရုံတွေ ဒုတိယ အကြိမ်မြောက် ဝေဝါးခဲ့ရ ပြန်ပြီမောင်....။


စာဖတ်သူများအား အစဉ်အမြဲ
လေးစားလျှက်
အမြဲကြိုးစားနေမည့်
Angelhlaing

xxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxx
xxxxxxxx


Written By Angelhlaing

(www.angelhlaing.blogspot.com)

Thursday,October 15, 2011 (9.54 PM)

Austria

30 comments:

ဟုးးလမ်းခွဲခြင်းကိုစဖို့ ငါခြေလှမ်းတွေ အား၇ှိဖို့ လိုဦးမယ်..သူငယ်ချင်းေ၇ေ၇းနိုင်လိုက်တာ..

လမ်းခွဲဘို.ချစ်ကြတာမှမဟုတ်ပဲနော်..
ဘာပဲဖစ်ဖစ်..မနက်ဖြန်အသဲကွဲတဲ.
ကဗျာမရေးတော.၀ူး....ပင်ပန်းလှဘီ..
လွမ်းရတာ....ပိုစ်.လေးတအားကောင်းပါတယ်..
ထနထနလာချောင်းမယ်နော်...

အိန်ဂျယ်လှိုင်ရေ မင်္ဂလာပါ ဟိုတစ်နေ့ကမှ စာမေးပွဲပြီးသွားလို့လေ။ ပြုံးပြုံးပျော်ပျော်နဲ့ပဲ ပြီးသွားပါတယ်။

ဘ၀ဆိုတာ ဒီလိုပါပဲလား။ ကိုယ်ချစ်တဲ့သူတိုင်းနဲ့ ညားချင်မှ ညားရတာ။ အဆင်ပြေတဲ့လူနဲ့ပဲ ပေါင်းသင်းနေရတဲ့ လူတွေ အများကြီးပဲနော်။

တော်တော်ရေးနိုင်လာတယ်နော်။ ကောင်းတယ်။ ဆက်ကြိုးစားပါ။ အားပေးနေမယ်လေ။

စာရေးနေသည် မနှောက်ယှက်ရဆိုတာနဲ့ တန်အောင်ကို အရေးအသားကတော့ တကယ်ကိုလေးစားလောက် ပါပေတယ်။။။ နှစ်သက်စွာ၊ တစ်ချို့နေရာတွေ အတွက်ကျေနပ်စွာ (မကျေနပ်လို့မှ မရတာလေ။။) အားပေးသွားပါတယ်ဗျာ။။ စာထဲကကောင် တော်တော်ကို ဆိုးပါလား။။။။ အင်းးး တော်တော် ဆိုးဆိုးပဲ။။။:P:P:P

တော်တော်လေးကောင်းတဲ့ ၀တ္ထု တိုလေးဘဲဗျာ
ချစ်သူ နှစ်ဦးစလုံးရဲ့ အတ္တ လေးတွေ မာန လေးတွေကို
ပီပီပြင်ပြင် ဖေါ်ပြသွားနိုင်တယ် စာဖတ်ပြီးတော့ တခုခုကို လွမ်းသွားသလိုပဲ နည်းနည်းလေးလည်း တိုင်ဆိုင်သွားလို့ဖြစ်မယ်နော်းး)။


(မင်းဧရာ)

အိန်ဂျယ်ရေ.. ကောင်းလိုက်တာ.. ဖတ်လို့..း))... ဒီလို အချစ်ဇာတ်လမ်း နူးနူးညံ့ညံ့လေးတွေ မဖတ်ရတာ ကြာပြီမို့လားမသိ.... တော်တော်ကောင်းတယ်..း)))

ခင်မင်လျက်
နေ၀သန်

မောင်က အတ္တကြီးတယ်
နှင်းက မာနကြီးတယ်
နှစ်ဦးသားလမ်းခွဲခဲ့ကြပေမယ့်
နေတတ်တယ်ဆိုရမယ်နော်း)
အဆင်ပြေပြေလေးပဲဇာတ်သိမ်းသွားတယ်
ဖတ်လို့ကောင်းတယ်ကွယ်
သူတို့တုန်းကမပေါင်းရတော့လည်း
သားသမီးတွေအလှည့်ကျရင်
ပြန်ပေါင်းပေးလိုက်ပေါ့ကွယ် :P
စာရေးသူလည်း..လှပဆန်းကြယ်တဲ့အချစ်နဲ့
ဖူးစာဆုံပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ

ကောင်းပါတယ်ညီမလေး။ တစ်ခုတော့ အကြံပြုဦးမယ်။ အိမ်ထောင်ကျပြီးသား လူနှစ်ဦးက အဲဒီလိုတစ်ယောက်နဲ့တစ်ယောက် တွေ့ကြ၊ ၀န်ခံကြဆိုတာ အပြင်မှာရှိမှာပါ။ ဇာတ်လမ်းအရလည်း လိုအပ်တယ်လည်းထင်ပါတယ်။ ဒါပေမဲ့ အဲဒါထက်ပိုကောင်းတဲ့ အပြမျိုးကို ပြသင့်တယ်ထင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ဟိုတုန်းက ချစ်ခဲ့တယ်၊ ခုတော့ ထိန်းချုပ်သင့်တယ်ဆိုတာမျိုးကိုပေါ့။ စာဖတ်သူရင်ထဲကို ရောက်သွားတဲ့ကောင်းတဲ့အချက်ပဲ ဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် စာရေးသူမှာတာဝန်ရှိတယ်။ အဲဒါသတိထားပါ။ အစ်ကိုတို့ ဘလော့ရေးတာ အပျော်ရေးတာပါဆိုရင်တော့ တစ်မျိုးစဉ်းစားရမှာပေါ့။ အကြံပြုတာပါ။ ဆရာလုပ်တာမဟုတ်ဘူးနော် ညီမလေးရေ။ အစ်ကိုလည်း လေ့လာစရာတွေ အများကြီးရှိပါသေးတယ်။ မျှဝေတယ်လို့ ယူဆပေးပါ။

ဝထ္ထုလေးက ချစ်စရာလေးပဲ ညီမလှိုင်ရေ..
ပြီးတော့ သုံးထားတဲ့ စကားပြောစသားလေးတွေကြိုက်တယ်..

အကိုဆူးသစ်..လမ်းညွှန်ပြသပေးတဲ့ ဆင်ခြင်စရာလေးတွေအတွက်..ကျေးဇူးပါအကို....

အရမ်းကောင်းတဲ့ ပိုစ့်လေးတစ်ခုပါ မအိန်ဂျယ်ခင်ဗျာ.... တစ်ခုကတော့ ကိုဆူးသစ်ပြောသွားသလို ကျွန်တော်လည်း ခံစားရတယ် မက်ဆေ့ခ်ျ တစ်ခုခုလိုနေသလိုမျိုးပေါ့နော်.... ဒါပေမယ့် အရမ်းသိမ်မွေ့တဲ့ အရေးအသားလေးတစ်ခုပါဘဲ ခင်ဗျာ။

လှိုင်
အရေးအသားလေးကတော့ညက်နေတာဘဲကွယ်
ကောင်းလိုက်တာ
ကျမသာဆိုရင်တော့လေ..ပထမတကြိမ်
လမ်းခွဲဖူးတဲ့ချစ်သူနဲ့ဘယ်တော့မှထပ်မဆုံချင်ဘူး
ရှိခဲ့တဲ့အတိတ်လေးကိုဘဲ
တခါတရံ ပြန်မှန်းဆပြီးသတိရမိတာမျိုး
တွေရှိကောင်းရှိမှာပါဒါပေမဲ့..နောက်တကြိမ်
မျက်နှာခြင်းမဆုံချင်ဘူးလှိုင်..

ချင်တဲ့ pigpig

အင်း အလုပ်ထဲမှာခိုးဖတ်ရင်းနစ်မြောသွားခဲ့တယ် ညီမလေးရေ ...တကယ်ဖမ်းစားနိုင်ခဲ့ပါတယ်း)

အားပေးလျှက်

အမ
မဒိုးကန်

ညီမရေ..
ဖတ်လို့ ကောင်းလိုက်တာ...
စာဖတ်သူကို ဆွဲဆောင်သွားနိုင်တယ်...
မောင်... ကအတ္တနဲနဲ ကြီးတယ်ထင်တယ်...
ဘာဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ဘဲလေ...

Actually they separate better. If they go together will have a lot problem. Now how to say that as Saing Htee sai sing the song Lut thaw nga gyi the. If married will fight and quarrel every day. Now just a moment only can miss...

ညီမရေ
ဖတ်လိုက်ရတာနဲ့ ချီးကျုးမိပါတယ်။ တော်တော်လေးကို အရေးကောင်းတယ်။ လက်ရာကတော့ စာရေးဆရာမ တစ်ယောက်ယောက်ရဲ့ လက်ရာလားလို့တောင် ထင်မိတယ်
တစ်ချို့တွေက ကော်ဖီဆို ပူမှ ကြိုက်ပေမဲ့ တစ်ချို့ကတော့ အေးမှ ကြိုက်တယ်နော်
အေးသွားရင် ပိုခါးတယ်လို့ ခံစားရတယ်
သို့သော်လည်း အေးသည်ဖြစ်စေ ခါးသည်ဖြစ်စေ ကိုယ်ရွေးခြယ်တဲ့ ရလာဒ်ဘဲမို့ ကျေနပ်စွာ သောက်နေကြရတာပါဘဲ
မကျေနပ်လို့လည်း မရမှမရတာကိုး။
ကိုလင်းတစ်ယောက်လည်း ကော်ဖီအေးအေးကို သောက်မိတိုင်း နောင်တတွေ ရနေမယ်လို့ ယုံကြည်ပါတယ်။

ချစ်ခြင်းကို သန့်စင်စွာ မထားနိုင်ဘဲ အတ္တတွေ၊ မာနတွေ ရောနေမိသရွေ့တော့ လမ်းခွဲရတာတွေ နဲ့ပဲ အဆုံးသတ်ရဖို့ များပါတယ်၊ မောင်နဲ့ နှင်းရဲ့ အပြန်အလှန် ဒိုင်ယာလော့ဂ်တွေ ကောင်းတယ်၊ အရှိအတိုင်း ချစ်ပြီးကာမှ ပြုပြင်ယူဦးမယ် ဆိုတဲ့ စိတ်ကူးကလည်း တဖက်သားအပေါ် သိပ်ပြီး ချိုးနှိမ်ရာ၊ အတ္တကို ရှေ့တန်းတင်ရာ ကျတတ်တာ တွေးပြီး ပြန်သွားတယ် ညီမရေ..။ ဖတ်လို့ ကောင်းတယ်..။

ဖူးစာမမှန်လို့ လမ်းခွဲတာ ၀မ်းနည်းစရာမှမဟုတ်တာပဲလေ။ အဲ ထင်တာပြောတာပါ.. အတော်ကောင်းတဲ့ဆောင်းပါး ဖတ်သွားပါတယ် အိန်ဂျယ်လှိုင်ရေ.

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ကိုယ်ချစ်တဲ့သူတိုင်းနဲ့ ညားချင်မှ ညားရတာ။ အဆင်ပြေတဲ့လူနဲ့ပဲ ပေါင်းသင်းနေရတဲ့ လူတွေ အများကြီးပဲနော်။
ချစ်ပြီဆိုတော့လဲ အဲဒီလမ်းခွဲဆိုတာကို
လူတိုင်းကြောက်ကြတယ်...

လမ်းခွဲတဲ့ အကြောင်းတွေ ဖတ်လိုက်တိုင်း ရင်မှာ ဆို့  ဆို့  သွားတယ်။ ဘယ်သူမှ ၀မ်းနည်းစရာ နဲ့  လမ်းမခွဲစေချင်ဘူး။ ဘယ်လို အချိန်မှာပဲ ပြန်ဆုံ ပြန်ဆုံပေါ့လေ။ အဲ အိမ်ထောင် ကိုယ်စီနဲ့  ဆိုရင်တော့ ............ အင်း...... တိတ်ဆိတ်စွာနဲ့ ပဲ လမ်းခွဲလိုက် ကြတာပေါ့ဗျာ။ :((

ထပ်ဖတ်သွားတယ် သယ်ရင်းရေ
ဖူးစာမမှန်လို့ပေါ့လေ..။

မာနနဲ့အတ္တလွန်ဆွဲပွဲမှာ ဝေးကွာခြင်းအဖြေထွက်သွားတာကို ရေးထားတာ သေသပ်တယ်ညီမရေ..။ လမ်းခွဲခဲ့ကြရပေမယ့် လက်ရှိအနေအထားကို လက်ခံပြီး နှစ်ဦးသား အပြုံးမပျက် ပြန်ဆုံခွင့်ရတာ ၀မ်းသာစရာ။ ပြန်တွေ့ချိန် နှစ်ယောက်လုံးရင်ထဲမှာတော့ နာကျင်ခံစားမှုတွေ အထိုက်အလျှောက်ရှိနေမှာ သေချာပါတယ်။

တစ်ယောက်ကို နှစ်ယောက်စီ ရကြတော့ စုစုပေါင်း ၄ ယောက်ပေါ့။း)

အချစ်နှင့်မာနက ဒီလိုပါဘဲ ချစ်သူချင်းချင်းကို ဝေးကွာစေတတ်တယ်။ ဆွေးမြေ့ကြေကွဲဖွယ် ဇာတ်ကွက်ကလေးပါဘဲ။

ခင်မင်လျှက်

မလှိုင်ရဲ့  ဝထ္ထုလေးတွေက ရင်ကို အမြဲစွဲညှိစေတယ်..

မခံစားနိုင်ဘူးရှင့် :(

ပထမတစ်ခါဖတ်တယ်...နောက်တစ်ခါ
ထပ်ဖတ်လိုက်တယ်....
ဝတ္တ္တု ဆိုပေမယ့် ဇတ်ညွှန်းေ၇းပြီး
ဇတ်ကားတစ်ကားရိုက်မယ်ဆိုရင်....
စာတွေအကြာကြီးဖတ်သွားတယ် ညီမ

ဝထ္ထုမဖတ်ဖြစ်တာ အတော်ကြာနေပြီ...ဒါပေမယ့် ညီမတော်ရေးတဲ့ ၀ထ္ထုကိုတော့ အရသာခံပြီး ဖတ်သွားဖြစ်ပါတယ်...ချစ်တာတွေ၊ ရင်ခုန်တာတွေ ဘေးချိတ်ပြီး လုပ်သင့်တာတွေလုပ်နေရတဲ့ လူကိုတောင် ပြန်ပြီး နွေးထွေးရင်ခုန်သွားစေပါရဲ့...Well done!

အတ္တနဲ့ မာနကြားမှာ ကတောက်ကဆစကားများနေကြတာလေးက အိမ်ထောင်ရေးသုခထဲက တစ်ခုပေပဲလား အိန်ဂျယ်... ရန်ဖြစ်နေလိုက်ကြတာ... ဖတ်ကောင်းကောင်းနဲ့ ဖတ်သွားပြီး ကောက်ချက်ချမိတာလေးပါ...


ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ဒီအပိုဒ်မှာ တော်တော် ခံစားလိုက်ရတယ် လှိုင်။ သူ အတိတ်ကို သတိရလို့သာ အေးစက်သွားတဲ့ ကော်ဖီကို နှစ်သက်ခဲ့တာပေါ့။


" ကိုယ့်မှာ အကျင့်သစ် တစ်ခု စွဲနေတက်တာ တစ်ခုရှိသေးတယ် နှင်း....အဲဒါ ဘာလဲဆိုတော့ ကော်ဖီပူပူ သောက်ရတာထက် အငွေ့ လှိုင်လှိုင် ထနေတဲ့ ကော်ဖီတစ်ခွက်ကို တစိမ့်စိမ့် ငေးကြည့်ရင်း အေးစက်သွားတဲ့ ကော်ဖီကိုမှ နှစ်နှစ်ခြိုက်ခြိုက် သောက်တက်နေတဲ့ အကျင့်လေ..."

ခင်တဲ့
မြတ်

စနိုးတော့ ၀င်ပီးခံစားသွားတယ်.. တကယ်ဖတ်လို့ကောင်းတယ်..

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More