http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Friday, February 10, 2012

မမေ့နိုင်သော(ဖြစ်ရပ်မှန်)


ဦးဇင်းက နယ်မြို့လေး တစ်ခုကနေ ရန်ကုန် ဗုဒ္ဓတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဦးဇင်းအတွက် လိုအပ်တဲ့ ဝထ္ထုငွေနဲ့ ပစ္စည်းလေးပါး ကို ဇာတိမြေကပဲ လူကြုံနဲ့ တစ်မျိုး ကိုယ်တိုင်တစ်ဖုံ အထောက်ပံ့ လက်ခံရပါတယ်။ တစ်နေ့ ဦးဇင်းရဲ့ ဒကာမတစ်ယောက်ရဲ့ သမီးက ရန်ကုန်သို့ အရောင်းအဝယ် ကိစ္စနဲ့ ဦးဇင်းဆီ လူကြုံဝင်ရင်း လိုအပ်တဲ့ စာအုပ်တွေနဲ့ ဝထ္ထုငွေ တစ်ချို့ကို လူကြုံ ထည့်ယူလာတာကြောင့် ဦးဇင်းဆီ လာဖို့ အကြောင်းဖန်လာပါတယ်။

ရောက်လာမည့် ဒကာမကလည်း နယ်ကလည်းဖြစ် ရန်ကုန်မြို့ရဲ့ များပြားလှသော လိုင်းကားတွေကို လည်လည်ဝယ်ဝယ် စီးတက်သူလည်း မဟုတ်တာကြောင့် ဦးဇင်းကပဲ စီးရမည့်ကား နံပါတ်၊ ဆင်းရမည့် ကားမှတ်တိုင် အမည် တို့ကို သေသေချာချာ လိုက်မှတ်စေပြီး ရက်စွဲအတိ အကျ ရောက်မည့်အချိန်တို့ကို ခန့်မှန်းပြီး ကားမှတ်တိုင်တွင် ဦးဇင်း လာစောင့်ကြို ပါမည်ဟု အသေအချာ ကတိပေးလိုက်သည်။ လူကြုံလာပို့မည့် ဒကာမရောက်မည့်နေ့ နေ့လည် တစ်နာရီခန့် ဦးဇင်းတို့ရဲ့ ဆွမ်းကွမ်း ကိစ္စ ပြိးမြောက်တာနဲ့ စောစောလေး ချိန်းဆိုထားရာ ကားမှတ်တိုင်မှာ ကြိုစောင့်နေဖို့ ဦးဇင်းထွက်လာခဲ့တယ်။


ရန်ကုန်မြို့ရဲ့ ကျစ်ကျစ်တောက် ပူတဲ့နေကြောင့် ကတ္တရာ လမ်းမကြိးဟာ အငွေ့ပျံမတက် ပူလောင်မှုနဲ့ အတူ နွေနေ့လည်ခင်းကို ပံ့ပိုးနေသလို။ ချိန်းဆိုထားရာ စွယ်တော်ဘုရား ကားမှတ်တိုင်တွင်မို့ ဘုရားဖူးလာသူ တစ်ချို့နဲ့ အတူ ကားမှတ်တိုင်နဲ့ မနီးမဝေး အပင်ကြီးတွေ အောက်မှာ ခေတ္တခဏ အရိပ်ခိုရင်း ဒကာမအလာကို စောင့်မျှော်နေမိတယ်။ ဦးဇင်းကပဲ စိတ်စော စိတ်မြန် တက်လေသလား၊ ရောက်လာမည့် ဒကာမ ကားမှားစီးပြီး မလည်မဝယ်နဲ့ လမ်းမှားနေမလားလို့ စိတ်ပူပန်ဇောကြောင့် သတ်မှတ်ချိန်ထက် စောရောက်နေသလို စိတ်ပူပန်မှုကလည်း နွေနေ့လည် အပူချိန်နဲ့ အပြိုင် ဦးဇင်းစိတ်ကို ပူလောင်နေစေသည်။

သတ်မှတ်ချိန်ထက် တစ်နာရီကျော်ကျော် နောက်ကျနေခဲ့သည့်တိုင် ဒကာမရဲ့ အရိပ်ယောင်တောင် မမြင်ရချေ။ နေ့လည်ခင်းမို့ အပူချိန် ကြီးစိုးမှုနှင့်အတူ ဦးဇင်းလည်း အလိုမကျမှုတွေနဲ့ ဒေါသစိတ်က ဝင်ရောက်လာခဲ့သည်။ ဒကာမအတွက် သို့လော သို့လော ဆိုသော စိတ်ပူပန်မှုနှင့် အတူ ရောက်သင့်သည့် အချိန်ထက် များစွာ နောက်ကျလာခဲ့သည်။ လိုင်းကားတွေသာ တစ်စီးပြီး တစ်စီး အဆက်မပြတ် သွားလာနေသော်လည်း ထိုဒကာမအား မတွေ့မြင်ရချေ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီလို ဖြစ်နေတဲ့ အချိန် ကလေးငယ်တစ်ဦး အသက်အားဖြင့် (၉)နှစ်၊(၁၀) နှစ်အရွယ် ယောက်ျားလေးတစ်ယောက် ဘယ်ကနေ ထွက်ပေါ်လာသည် မသိ ဦးဇင်းထံမှ ပိုက်ဆံ လာတောင်းနေသည်။

" ဘုန်းဘုန်းရယ် သား ထမင်းမစားရသေးလို့ သားကို ပိုက်ဆံ(၅၀) လောက်ပေးပါ.. ဘုန်းဘုန်းရယ် သားတောင်ပန်ပါတယ် သားဗိုက်ဆာနေလို့ပါ " တဲ့။ ရန်ကုန်မြို့တွင် ထိုကဲ့သို့ တောင်းရမ်းစားသောက် ကြတဲ့ကလေးတွေ အမြှောက်အမြား ရှိကြသည်။ အမှန်အကန် လည်းရှိကြသလို လိမ်လည်ကြတဲ့ ကလေးတွေလည်း များစွာ ရှိသည်ဟု ဦးဇင်း ကြားဖူးသည်။ ဦးဇင်းနား ကပ်ပြီးဒ ပိုက်ဆံလာတောင်းတဲ့ ကလေးကို ကြည့်ပြီး ဦးဇင်း ဝေခွဲမရသလို စိတ်ထဲတွင်လည်း အလိုမကျမှုက ကြီးစိုးနေသောကြောင့် ခပ်တည်တည်နှင့် ပိုက်ဆံလာတောင်းတဲ့ ကလေးကို စိုက်ကြည့်ပြီး အောက်ငေါက်လွတ်သည့် အပြင် နောက်တစ်ခါ လာမတောင်းရန်ပါ သတိပေးလိုက်သည်။

စေတနာ မရှိလို့ရယ်လဲ မဟုတ် တစ်ချို့သော စေတနာများသည် ပျက်စီးစေဖို့ရာ အထောက်အပံ့တစ်ခု ဖြစ်ပေါ်သွားစေမည် ဆိုလျှင် မည်သူမဆို စဉ်းစားဆင်ခြင် သင့်ပေသည် မဟုတ်ပါလား။ ထိုကလေးသည် ဦးဇင်းနှင့် မနီးမဝေး အရိပ်အောက်တွင် ရှိသည့် မြေသလင်းပေါ်တွင် ထိုင်လျှက် ဦးဇင်းအား တစ်ချက် တစ်ချက် လှမ်းကြည့်နေသည်။ ဦးဇင်းအထင် ဦးဇင်းရဲ့ အော်ငေါက်မှုကြောင့် ဒီကလေး ဦးဇင်းရဲ့ ဝေးရာသို့ ထွက်ခွာသွားမည်ဟု ထင်ထားခဲ့သော်လည်း ထင်သလို ဝေးရာသို့ မထွက်သွားပဲ မလှမ်းမကမ်းမှနေ၍ ဦးဇင်းအား ကွက်ကြည့်ကွက်ကြည့် လုပ်၍ နေလေသည်။ ဦးဇင်းလည်း ဒကာမကို ဆက်စောင့်နေရင်း စိတ်ထဲမှနေ၍ " ကလေးတွေများ အကြောက်တရား နည်းလိုက်ကြတာ ဒီတစ်ခါ ငါ့ဆီ ပိုက်ဆံလာတောင်းကြည့် ခေါင်းကို ထူပူအောင် ခေါက်ပစ်လိုက်မည် "ဟု ကြိမ်းဝါးမိ၏။

နေ့လည်ခင်းမို့ ကားမှတ်တိုင်တွင် လူသူ နည်းပါးကာ ဦးဇင်းရယ် မလှမ်းမကမ်းမှာ ဦးဇင်းကို ကြည့်နေသော ပိုက်ဆံတောင်းတဲ့ ကလေးရယ်သာ ရှိတော့သည်။ သိပ်မကြာခင်မှာပဲ ထိုကလေးသည် မလှုပ်တလုပ်နှင့် ဦးဇင်းရဲ့ အနီးသို့ တရွေ့ေ၇ွ့ ချည်းကပ်လာခဲ့သည်။ ထိုကလေးရဲ့ အပြုအမှုသော် လည်းကောင်း ဒကာမ ရောက်မလာသည့်အတွက် အလိုမကျသည့် စိတ်ကြောင့်သော် လည်းကောင်း နွေနေပူ၏ အပူချိန် ကြိးစိုးမှု အောက်တွင် ဦးဇင်းစိတ် တွေသည် ဒေါသ ဆီသို့သာ ဦးတည်နေ ပေသည်။ ကလေးဥာဏ်ဖြင့် မသိမသာ ဦးဇင်းရဲ့ အနား တိုးတိုးလာနေသော ကလေးအား မသိဟန်ဆောင်ကာ " လာခဲ့ နင် အနားရောက်မှ ခပ်နာနာလေး ခေါက်ပစ်မယ် လာခဲ့ " ဟု စိတ်ထဲမှ ကျိမ်းမောင်းရင်း ကလေး အနား ရောက်လာမည့်အချိန်ကို စောင့်နေမိသည်။

ထိုစောင့်နေချိန်မှာပဲ တရွေ့ရွေ့နီးလာတဲ့ ကလေးငယ်က မထင်မှတ်စွာပဲ ဦးဇင်းရဲ့ လက်တစ်ကမ်းအကွာမှ နေ၍ သူရဲ့ ညစ်နွမ်းနွမ်း လက်ထဲက ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ဟောင်းနွမ်းနေတဲ့ (၅၀)တန် အရွက်လေး နှစ်ရွက်ကို အသာဖြန့်ယူပြီး " ဘုန်းဘုန်း ကားခ မရှိရင် သားဒီမနက် တောင်းထားတဲ့ ပိုက်ဆံ (၁၀၀)ရှိတယ်၊ အဲဒီ (၁၀၀)ထဲက (၅၀) ဘုန်းဘုန်း ကားခအဖြစ် ယူပါလား .." တဲ့။ ကလေးငယ်ရဲ့ မဝံ့မရဲ စကားသံနဲ့ အပြုအမှုကြောင့် ဦးဇင်း ရင်ထဲ ထိုခဏ ဘယ်လို ဖြစ်သွားမှန်းမသိဘူး။

နွမ်းဖတ်ပြီး ကြေမတက် ဆုပ်ကိုင်ခြင်း ခံထားရတဲ့ (၅၀)တန် အဟောင်းလေး နှစ်ရွက်ကို ကျစ်ကျစ်ပါအောင် စုပ်ကိုင်ပြီး ဦးဇင်းအား သူတောင်းလို့ ရထားတဲ့ ပိုက်ဆံလေးထဲကမှ ကားမှတ်တိုင်တွင် ကားခမရှိလို့ အကြာကြီး ထိုင်စောင့်နေသည်ဟု ထင်ကာ တစ်ဝက်ခွဲယူရန် ပြောသော ကလေးရဲ့ ဖြူစင်တဲ့ စိတ်ထားကြောင့် မိမိကိုယ်မိမိ များစွာ ရှက်ရွံ့မိသည်။ ထို့အပြင် များစွာသော ခံစားမှု အသိတရား စသော စသော အတွေးများစွာဖြင့် ထိုကလေးငယ်အား အချိန်ကြာမြင့်စွာ စိုက်ကြည့်နေမိရင်း ဖော်မပြနိုင်သော ပီတိ တစ်ခုနှင့် အတူ ဘဝ တစ်သက်စာအတွက် ပြန်လည် တွေးမိတိုင်း ရှက်ရွံ့ဖွယ် အသိတရား ရဖွယ် ....အမည်မသိသော ခံစားမှု တစ်စုံတစ်ရာဖြင့်.....။



စာဖတ်သူများ တစ်စုံတစ်ရာ
ရင်တွင်း ခံစားချက် ရရှိပါစေလို့ ဆန္ဒပြုရင်း..
အသစ်မရေးဖြစ်ချိန်မှာ အဟောင်းထဲက ကောင်းမယ် ထင်တာလေးကို ဆားချက်ကြည့်တာပါ :):)
တစ်ကယ်တော့ အသစ်ရေးရသလိုပါပဲ။ စာစရေးချိန်တုန်းက အမှားတွေ အများကြီးမို့ ပြန်လည် ပြင်ဆင်တဲ့အခါ အသစ်ရေးသလိုပါပဲ ...:P:P

Written By Angelhlaing
Friday,February 10 ,2012
2,43(PM) , Austria

34 comments:

ကလေးစိတ်ဆိုတာ အမြဲတမ်းလိုလို ဖြူစင်မြဲပါပဲလေ.. ဘယ်လိုနေရာ ဒေသမှာပဲဖြစ်ဖြစ်၊ ဘယ်လိုပတ်ဝန်းကျင် မှာပဲဖြစ်ဖြစ် ကလေးစိတ်ဆိုတာကတော့ အဖြူထည်ပါပဲ။။ ပြင်ဦးလွင်မှာဆို အဲလိုကလေးလေးတွေ တကယ်ကို အများကြီးပဲ။။ ဒါမယ့်သူတို့နောက်ကွယ်မှာ ချုပ်ကိုင်ထားတဲ့သူရှိတယ်တဲ့။။ အဲလိုကလေးတွေကိုကျ ပိုက်ဆံမပေးပဲ ကိုယ့်ရှေ့တင် သူတို့ကို တစ်ခုခုဝယ်ကျွေးလိုက်တယ်။။ အဆိပ်ပင်ရေလောင်းသလို ဖြစ်မှာလည်း စိုးမိလို့လေ။။ ပို့စ်အဟောင်းလေးပေမယ့် အရမ်းကောင်းတယ်။။။ :)

ညီမလေးဆောင်းပါးလေးကဖတ်လို့ ကောင်းပါတယ်။
အမည်မသိသောခံစားမှုတစ်စုံတစ်ရာကိုခံစားရပါတယ်...
စာတွေဆက်လက်ရေးအားကောင်းပါစေ...

ကောင်းလှချည်လားအစ်မ.. သိပ်ကိုကောင်းတာပဲ.. တကယ်ကို မထင်ဘူး..အဆုံးသတ်ကျမှ ဟင်ကနဲဖြစ်သွားတာ..

ထင်မထားမိတဲ့ အကြောင်းအရာလေးပဲ ... တကယ် ခံစား သွားရတယ် ညီမလေး

ဘုန်းကြီးရင်ထဲတော့ဝင်မကြည့်ရလို့ဘာတွေဖြစ်မယ်မသိပေမယ့် jasmine ရင်ထဲမှာတော့
အရမ်းကိုကြေကွဲနေမိတယ် ကလေးတစ်ယောက်ရဲ့သိတတ်ခြင်း
ဒီဆားက နောက်တစ်ါချက်လဲကောင်းနေမှာပဲ
ချစ်တဲ့ မကြီးဂျက်

လမ်းပေါ်က ကလေးတစ်ယောက်ရဲ့စိတ်အံ့သြစရာကောင်းလှပါတယ် စိတ်ထဲမှာလဲ တစ်မျိုးလေးဖြစ်ပြီးတစ်ကယ့်ကို
စာဖတ်သူကိုဆွဲခေါ်သွားတာပါပဲဗျာ

အိုး........... ရင်ထဲထိဝင်သွားတယ်။ လှိုက်ကနဲပဲ။ တော်လိုက်တဲ့ အိန်ဂျယ်။ ကလေးတုန်းကတော့ ဖြူစင်ပါတယ်။ ဘယ်သူမဆိုပဲ အဲ့လို ဖြစ်မယ်ထင်တယ် ကြီးလာတော့လည်း အင်း အရောင်ဆိုးလိုက်ကြရတာပါပဲလေ။

ကျွန်တော့်အတွက်တော့ အသစ်ဖြစ်ပါပဲ။ အရမ်းကောင်းတဲ့ ပိုစ့်လေးပါပဲ ခင်ဗျာ....

မမအိန်ဂျယ်လ်ရေ..မင်္ဂလာပါနော်။ကျနော်ဘယ်သူ့ကိုမှမ မေ့ပါဘူးမမရယ်.အဆင်မပြေတာတွေရှိနေလို့ဘာမှမလုပ် တော့တာပါ။ခုလိုကြိုဆိုနေတယ်ဆိုတာသိရလို့ဝမ်းသာမိသ လိုကျေးဇူးလည်းအရမ်းတင်ပါတယ်မမ..မမအစစအရာရာ အဆင်ပြေချောမွေ့ပါစေလို့မောင်လေးဆုတောင်းပေးပါတယ်။

ရင်ထဲ နင့်သွားတယ် ..း(

ညီမရေ ပိုစ့်လေးအရမ်းဖတ်လို့ကောင်းပြီ
ရင်ထဲတခုခုကျန်ခဲ့တယ်ကွယ်

ညီမလေးေ၇းတဲ့
စာတွေလာဖတ်သွားတယ်။

ဖြစ်ရပ်မှန် ဇာတ်ကြောင်းလေး လာဖတ်သွားတယ် ညီမလေးရေ ... ။
မထင်မှတ်တဲ့ ဇာတ်သိမ်းလေးက ရင်ကိုထိခိုက် ခံစားရပါတယ်။
ပို့စ်အဟောင်းလေးပေမဲ့ မဖတ်ဖူးသေးတော့ အသစ်လေးပါပဲ။

It hit my heart.Suprise twist and good writing.Keep going.
Gyidaw

အင်းး
အမိတက္ကသိုလ်နားမှာ ဖြစ်ပျက်သွားခဲ့တဲ့ ဇာတ်လမ်းလေးဆိုတော့ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းပါဘဲ။

မျှော်လင့်မထားတဲ့ ဇာတ်သိမ်းလေးမို့ ပိုပြီး ရင်ကို ပိုထိစေပါတယ်။ စာဖတ်ရင်း ရောက်လာမဲ့ဒကာမကို စောင့်မျှော်နေတာလေ။
ဒါပေမဲ့ ဒကာမ မရောက်ခင် ဇာတ်လမ်းလေးက လှပစွာဘဲ ပြီးသွားတယ်။ တကယ်ကောင်းပါတယ်။

အရမ်းးကို ကောင်းတဲ့ပိုစ့်လေးပါဘဲ ညီမရေ... အဲဒီလို ကလေးတွေရဲ့ ဘဝကို မြင်ရတွေ့ ရတိုင်း ရင်နာရတယ်...

ရသလေးတစ်ခုကို ရင်ထဲထိုးထည့်ပေးလိုက်နိုင်တဲ့ စာလေးတစ်ပုဒ်ပါပဲ.. အိန်ဂျယ်ရေ...

ခင်မင်လျက်
နေ၀သန်

အဲဒီလိုကလေးတွေရဲ့ဘ၀ကိုစာနာမိတယ်
ရင်ထဲမှာနင့်နင့်နဲနဲ့ခံစားလိုက်ရတယ်အမရေ

ကလေးတွေရဲ့ ပင်ကိုယ်ကတော့ ဖြူစင်ကြပါတယ်..။ တကယ်စားစရာမရှိလို့ တောင်းခံနေကြတဲ့ကလေးတွေလဲ အများကြီးပါပဲ။ အုပ်ထိမ်းသူတွေရဲ့ ညွန်ကြားချက်အတိုင်း အရောင်ဆိုးခံကြရတဲ့ကလေးတွေလဲ အများကြီးပဲ..။ ဘာပဲပြောပြော အဲဒီကလေးကိုတော့ တကယ်ချီးကျူးရမှာပဲ အိမ်ဂျယ်ရေ..။

တကယ်ကို ဖတ်လို့ကောင်းတဲ့ စာလေး တခု ပါ ၊အခု လိုဖတ်လိုက်ရတဲ့ အချိန်စိတ်ထဲမှာ နင့်ကနဲ ဖြစ်သွားတယ်။

တကယ်ကို ဖတ်လို့ကောင်းတဲ့ စာလေး တခု ပါ ၊အခု လိုဖတ်လိုက်ရတဲ့ အချိန်စိတ်ထဲမှာ နင့်ကနဲ ဖြစ်သွားတယ်။

ရင်ကိုလာမှန်သော ခံစားမှုပါပဲ
ဘုန်းဘုန်း နေရာမှာ ကိုယ်ဆိုလဲ ဒီလိုလုပ်မိနေမလား

မဖတ်ရသေးတော့ အသစ်ဘဲ ခံစားလိုက်ရတယ် ညီမ

ကောင်းလိုက်တဲ့  ပို့ စ်လေး အိန်ဂျယ်ရေ..ရင်ထဲထိတယ်

ရင်ထဲကို ဒိုင်းခနဲဝင်သွားတဲ့ ပို့စ်လေးပါပဲလေ...တစ်ခါမှ မကြည့်ဖူးတဲ့ ရှုထောင့်ပါလား...ဇာတ်ဆောင်က သံဃာတော်တစ်ပါးဖြစ်နေတော့ ပိုလို့တောင် ထိရောက်သွားတယ်...

ကလေးငယ်လေးရဲ့ ဖြူစင်တဲ့ စိတ်စေတနာလေး ..

ကျန်တာတော့ ဘာမှ ဆက်မပြောတတ်အောင်ပါပဲ။ ကလေးလေးကို လေးစားပါတယ်။

ခင်တဲ့
မြတ်

မထင်မှတ်တဲ့ အဆုံးသတ် လှည့်ကွက်လေးနဲ့ သိပ်သဘောကျစရာကောင်းတယ်။ ငြိမ်ငြိမ်လေး စိတ်နှစ်ပြီး ဖတ်တော့ လှိုက်ခနဲဖြစ်သွားတယ်။ အဲဒီခံစားချက်မျိုးကို သဘောကျတာ။
ကျစ်ကျစ်လစ်လစ် ရေးပြီး တမျက်နာ ဝတ္ထုတို ပုံစံဆိုရင် ပိုကောင်းမယ် ထင်မိတယ်။

ရင်ထဲထိသွားတဲ့ မေတ္တာပါ။ ကလေးက မြန်မာ၊ ဗုဒ္ဓဘာသာလည်း ဖြစ်မယ်။ တော်လိုက်တာ။ မရှိပေမယ့် သူ့ရဲ့ ဖြူစင်တဲ့ စိတ်ဓာတ်ကို လေးစားတယ်။ စေတနာကောင်းတယ်။ သူတောင် စားစရာမရှိတာကို ဘုန်းဘုန်းတစ်ပါး သူ့ရှေ့မှာ ဒုက္ခရောက်နေတယ်ထင်လို့ သူကူညီချင်တာကိုက လမ်းဘေးက ကလေးတစ်ယောက်ရဲ့ စိတ်မဟုတ်ဘူးနော်။ တစ်နေ့သူကောင်းစားမှာပါ။

ခဏခဏ ဖတ်ဖူးပါတယ်---
ခံစားမှုရသကို အမြင့်ဆုံးထိ ပေးနိုင်တဲ့ စာကောင်းလေးတစ်ပုဒ်ပါပဲ

ခဏခဏ ဖတ်ဖူးပါတယ်---
ခံစားမှုရသကို အမြင့်ဆုံးထိ ပေးနိုင်တဲ့ စာကောင်းလေးတစ်ပုဒ်ပါပဲ

မမရေ
ရင်ထဲမှာ တစ်ခုခုထိရှသွားတယ်
အရမ်းခံစားရတယ်

ညီမလေးရေးတာအ၇မ်းကိုကောင်းပါတယ်

ညီမလေးရေးတာအ၇မ်းကိုကောင်းပါတယ်

ဖြစ်ရပ်မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဓိကမကြလှပါ
ဘူး ဒါပေမဲ့ရေးသူရဲ့ စာဖွဲ့စည်းတည်ဆောက်ပုံကတော့နှစ်
သက်စဖွယ်စွဲဆောင်မူ့ဖြစ်မိတာတော့အမှန်ပါပဲ။မေတ္တာတရားကိုသိနားလည်သူကမေတ္တာမထားနှိုင်ချိန်
မေတ္တာတရားကိုမသိနားမလည်သူကမေတ္တာပြန်ထားနှိုင်
ချိန် ကဲ ဘယ်လိုများခံစားကြည့်ကြမလည်း
စိတ်ဝင်စားစရာလည်းကောင်းတယ် ။ရေးသားပုံလည်း
ကောင်းပါတယ်ညီမငယ်

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More