http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, January 21, 2013

မိုင်တိုင်နှစ်ဆယ်

 


ချစ်ရပါသော မောင်နှမများကို အိန်ဂျယ့်၏ ဝှက်ဖဲလေးတစ်ချပ်ဖြင့် မိတ်ဆက် ပေးပရစေရှင်။ အဲ့ဒီ ဝှက်ဖဲလေးကို အကို(ကိုကိုမောင် (ပန်းရနံ့)) ပြောသလို ဂျော်ကာဖဲချပ်လေး ဖြစ်ဖို့လည်း မျှော်လင့်မိပါတယ်လို့…. :)  :)

 
၂၀၁၂ ခုနှစ် စက်တင်ဘာလမှ အစပြုပြီး အမှတ်တရ အဖြစ် မဝင့်မရဲ မျှော်လင့်မိသော အိပ်မက်လေးတစ်ခုကို အကောင်အထည် ပုံဖော်ကြည့်ရန် အတွက် မရဲတရဲလေး ဆုပ်ကိုင်မိသော မျှော်လင့်ချက်လေး တစ်ခုဖြင့် လမ်းတစ်ခုကို စမ်းလျှောက်ဖြစ်ခဲ့သည်။ အိန်ဂျယ့် ဘဝမှာ စိတ်လှုပ်ရှား စရာ အကောင်းဆုံး အချိန် တစ်ခု ဖြစ်ခဲ့သလို မြေစမ်း ခရမ်းပျိုးရသလို စိုးရိမ်စိတ်ကလေး သဲ့သဲ့ဖြင့် စောင့်မျှော်နေရသော ကာလတစ်ခုအဖြစ်  ညတာ အလွန် ရှည်လျား လွန်းလှသော ဆောင်းညများလည်း ဖြစ်ခဲ့သည်။


ရည်ရွယ်သော ဆန္ဒတစ်ခုကို အကောင်ထည်ဖော်ဖို့ စာရေးသူ မောင်နှမ တစ်တွေနှင့် တိုင်ပင်ကြည့် သောအခါမှာ မယုံနိုင် လောက်အောင် အားပေးမှုတွေ ရရှိခဲ့ရသည်။ “ ယုံကြည်မှု ရှိရင် ကြိုးစားရမယ်၊ ကြိုးစားသူ အတွက် ထိုက်တန်တဲ့ တုန့်ပြန်မှုဆိုတာ ရှိကို ရှိနေတယ်” ဟူ၍ နောက်ထပ် တစ်ကြိမ် မကြားနိုင်တော့ ပြီဖြစ်သော ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဖခင်ဖြစ်သူ၏ စကားတစ်ခွန်းဟာ အိန်ဂျယ့်ကို အားဖြစ်စေခဲ့သည်။ ဖြစ်မှဖြစ်ပါ့မလား ဆိုသော စိုးရိမ်စိတ်လေးဖြင့် ပျိုးမိသော  အပင်ငယ်လေးအတွက် ပူပင်သောကတွေလည်း  ဖြစ်ခဲ့ရသည်။

ချစ်စရာ ကောင်းသော ကုသိုလ်လေး တစ်ခုက လိုအပ်သော အကူညီ မှန်သမျှကို စိတ်အား၊ လူအားဖြင့်  ဝိုင်းဝန်း ကူညီ အားဖြည့် ပေးကြသော မောင်နှမ တစ်တွေ ရှိနေခြင်းပဲ ဖြစ်သည်။ အိန်ဂျယ်ကို မည့်သို့ မည်ပုံ လုပ်ကိုင်ရန် အကြံဥာဏ် ဝိုင်းပေးကြသလို၊ လိုအပ်သော အကူအညီတွေကိုလည်း အားတက်သရော ကူညီ ပံ့ပိုးပေးခဲ့ကြပါတယ်။ မမ   မလေး (အိမ့်ချမ်းမြေ့)၊ ကိုရန်အောင်၊ အကို  မြစ်ကျိုးအင်း၊ မမ မြသွေးနီ၊ ကိုဗညား (လင်းခတ်ဒီနို)၊ ညီမလေး ဂျွန်မိုး စသော မောင်နှမများ၏ တစ်ဦးချင်း၏ အကူညီ ၊ အားပေးမှု၊ အကြံပေးချက် တွေနှင့်အတူ အိန်ဂျယ်၏ အိပ်မက်လေးကို ရဲရဲဝံ့ဝံ့ အကောင်ထည် ဖော်ဖြစ်ခဲ့ပါသည်။

အမိမြေ၏ အဝေးမှာ ရောက်ရှိနေသော အိန်ဂျယ့်အတွက်  စိတ်ပဲရှိပြီး ကိုယ်တိုင်ကိုယ်ကျ မလုပ်ကိုင် နိုင်တာကြောင့် ကိုယ်စားလှယ် တစ်ဦးအဖြစ် အစစအရာရာ အိန်ဂျယ် လိုအပ်သည့် အကူညီများကို တာဝန်ယူပေးခဲ့ သူကတော့ မမ ပန်းအိ(ဘလော့ဂါ ထရီဆာ) ပဲ ဖြစ်ပါသည်။ စိတ်အားလူအားဖြင့် အင်တိုက်အားတိုက် ကြိုးစားပေးသော AMK Creation မှ အကို ကိုမော်ကြီး (ကိုကျော်အောင်မော်)နှင့် ချစ်ဇနီး မမမြသွေးနီ တို့အား အထူးပင် ကျေးဇူး တင်ရှိပါသည်။

အခုဆိုရင် အိန်ဂျယ့်ကိုယ်တိုင် စီစဉ် ထုတ်ဝေသော စာရေးသူ ဘလော့ဂါ အယောက်(၂၀) ပါဝင်ရေးသား ထားကြသော မိုင်တိုင်နှစ်ဆယ် (ရသဝထ္ထုတိုများ) အမည်ရှိသော စာအုပ်လေးကတော့ မကြာခင် အချိန်အတွင်းမှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အနုပညာ ပန်းများ ခြံရံထားသော ၊ စာရေးသူ မောင်နှမများ၏ နှလုံးသား ပဲ့တင်သံများ နှင့်အတူ ဘဝရသ အစစ်များ ခံစားကြ ရမည်ဟု ယုံကြည်မိပါတယ်။ 

ထို့အပြင် မြန်မာ့ စာပေလောကမှ လေးစားရပါသော  စာရေးဆရာများ ဖြစ်ကြသော ဆရာ ချစ်စံဝင်းနှင့် ဆရာကောင်းသန့် တို့မှ အမှာစာများဖြင့် မိုင်တိုင်နှစ်ဆယ်ရဲ့ စာရေးသူ ကလောင်သစ်များ၏ လက်ရာများကို စေတနာရှေ့ထား မေတ္တာတရားတို့ဖြင့် သုံးသပ် မွမ်းမံပေးထားကြပါသည်။

စာရေးသူများ၏ စာမူများနှင့် လိုက်ဖက်လှစွာသော အတွင်း သရုပ်ဖော် ပန်းချီပုံများနှင့် တကွ စာရေးသူများ၏ ရင်တွင်းစကားတစ်ချို့ကိုလည်း ကောက်နှုတ် ဖော်ပြပေးထားပါသည်။ ဘဝရသကို အခြေခံ ရေးသားထားကြသော ဝထ္ထုတိုများကို စုပေါင်းထားခြင်း ဖြစ်သည့်အတွက် မိုင်တိုင်နှစ်ဆယ် ဝထ္ထုတိုလေးမှ စာဖတ်သူ မိဘ၊ပြည်သူများသို့ နှစ်လိုဖွယ် တစ်စုံတစ်ရာကို ပေးစွမ်းခံစားနိုင်လိမ့်မည်ဟုလည်း ယုံကြည်မိပါသည်။

အိန်ဂျယ်နှင့် အတူ ပါဝင်ရေးသားကြသော စာရေးသူ ဘလော့ဂါ မောင်နှမများ အားလုံးလည်း ထပ်တူ၊ထပ်မျှ ပျော်ရွင်ကြမည်ဟု ယုံကြည်မိပါသည်။ အိန်ဂျယ်နှင့်အတူ ချစ်စွာသော မောင်နှမများ၏ မိုင်တိုင်လေးများ အထင်အရှား ကဗ္ဗည်းတွင်ဖို့ရန် အတွက် စာဖတ်သူ ပရိသတ်များ၏ အားပေးမှုများကို မျှော်လင့်စောင့်စားရင်း..

အိန်ဂျယ်လှိုင် ထုတ်ဝေ၍ AMK Creation မှ စီစဉ်သော


မိုင်တိုင်နှစ်ဆယ်

( အွန်လိုင်းရသ ဝထ္ထုတိုများ )

Tuesday ,  January  22, 2013 ရက်  တွင် ထွက်ရှိမည် ဖြစ်ပြီး ဖြန့်ချီရေး အနေဖြင့် စာပေလောကမှ တာဝန်ယူ ဖြန့်ချီမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။ ဖြန့်ဖြူးရေးအနေဖြင့် အဓိကအားဖြင့် ရန်ကုန်(Ocean ၊ Lion City, Taw Win, Asia Light စသည့် စီးတီးမာတ်များ အပါအဝင် ) မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ နေပြည်တော်များကို တာဝန်ယူ ဖြန့်ချီပေးမှာ ဖြစ်ပါသည်။ ဝယ်ယူရရှိနိုင်မည့် ဆိုင်များကို ထပ်မံ အသိပေး အကြောင်းကြားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးရင်း အိန်ဂျယ်တို့ရဲ့ မိုင်တိုင်နှစ်ဆယ် ကို အားပေးကြပါဦးလို့ ... :)

အွန်လိုင်းရသ စာပေမှ ပုံနှိပ်မိဒီယာကို ကူးပြောင်းတဲ့ ပေါင်းကူး တံတားလေး တစ်စင်းအဖြစ် ဖန်တီးခွင့် ရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါသည်။
လေးစားစွာဖြင့်
အိန်ဂျယ်လှိုင်
**********
******
****
Monday, January 21, 2013
Austria 1;38 (PM)



38 comments:

This comment has been removed by the author.

ကွန်ဂရက်ကျူလေးရှင်းပါ မအိမ်ဂျယ်လှိုင်။
မိုင်တိုင်၂၀ကိုဖတ်ချင်သော်လည်း ဘယ်သူ့ဆီက ဝယ်ရမည်မသိပါ။
ကိုမြစ်ဆီကဘဲဝယ်ဖတ်ရမည်ထင်သည်။
မိုင်တိုင်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ။

လေးစားစွာဖြင့်
လရိပ်အိမ်

Thanks for everything my dear... <3

This comment has been removed by the author.

ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ် ခင်ဗျာ။ Congratulation ပါ.......

မိုင်တိုင် ၂၀လေး အောင်မြင်စွာ ထွက်ပေါ်လာတော့မယ်ပေါ့.
ဝမ်းသာစရာပါ အိန်ဂျယ်
ပြီးတော့လည်း ကျေးဇူးအထူးပါလို့...

လောလောဆယ်တော့ အတိအကျ မပြောနိုင်သေးလို့ အားနာမိပါတယ်လို့.. :) (လရိပ်အိမ်)
ကျေးဇူးပါမမ သက်ဝေ ..<3 ၊ ဟုတ်ကျေးဇူးပါရှင် (ကိုအောင်ထွဋ်)၊ ဟုတ်ကဲ့ပါ မမရေ ညီမလေးကလည်း ထပ်တူထပ်မျှပါလို့ (မမချော (အစိမ်းရောင်လွင်ပြင်))

မမအိမ်ကျယ်ရဲ့ မိုင်တိုင်တွေအတွက် အထူးကျေးဇူးပါဗျာ...... အာဂျား အာဂျား :)

ခင်မင်စွာဖြင့်
ကိုကိုးအိမ်(နိုင်ဟောက်စ်) :P

သိပါဘူး။ မိုင်တိုင်နှစ်ဆယ်ဆိုလို့ ဘာတွေညာတွေ ထင်နေတာ။ မင်္ဂလာရတုဆိုရင်လဲ အိန်ဂျယ်က အခုမှ ငယ်ငယ်လေးဘဲ ရှိသေးတာ၊ မင်္ဂလာနှစ်ဆယ်မရှိလောက်သေးပါဘူးလို့ စဉ်းစားနေခဲ့တာ။ အခုမှဘဲ ရှင်းသွားတော့တယ်။ သူ့ရဲ့ ၀ှက်ဖဲလေးက ဒါကိုး။

ဝမ်းသာဂုဏ်ယူပါတယ်။ တကယ်ပြောတာ။ ဒါပေမဲ့ ပုံနှိပ်ဘက်ရောက်သွားပြီး ဘလော့လောကကိုတော့ မေ့မသွားပါနဲ့။ မေ့သွားရင်တော့ သူကြီးမင်းတို့ ထိပ်တိုက်တွေ့မယ်။ ဒါဘဲ။း)

Congratulations! ညီမငယ်...

မလေးတို့ ဘလောဂါတွေလည်း ဒီမိုင်တိုင်၂၀မှာစုစည်းခွင့်ရတာဟာလည်း ဟိန္ဒူစကားပုံတစ်ခုထဲကလို ကိုယ်နဲ့ကိုယ်စားမယ့်ဆန်တစ်စေ့လေး ရေစက်ဆုံရသလို....

အဲသလိုလေး နွေးထွေးစွာခံစားရပါတယ်။

ချစ်တဲ့မလေး

ညီမလေး အိန်ဂျယ် နဲ့ မိုင်တိုင်နှစ်ဆယ်ကို အဖက်ဖက်ကပံ့ပိုးကူညီခဲ့ကြတဲ့ အစ်ကို၊ အစ်မများကို ကျေးဇူးတင်ပါတယ်း)

ကိုကိုးရေ ..ကြိုးစားမှုရဲ့ ရလာဘ်ပေါ့ မောင်လေးရေ..:)

ဟုတ်ကဲ့ပါ အကို (ကိုကိုမောင်(ပန်းရနံ့) ) ညီမလေးက အမြဲတမ်း ဘလော့ဂါ တစ်ယောက်အဖြစ် ရှိနေမှာပါအကို .. အားပေးတဲ့အတွက် ကျေးဇူးပါလို့..

ဟုတ်တယ် မမရေ မမပြောသလိုပဲ ပျော်စရာကြီး :)
(မလေး အိမ်ချမ်းမြေ့)

မမရေ ညိမလေးကလည်း ကျေးဇူးပါနော် လို့ :) (မိုးပန်းချီ)

မုဒိတာပွားခဲ့ပါတယ် ညီမလေး .....

စာတွေ အများကြီး ဆက်ရေးနိုင်သလို၊

စာအုပ်တွေ အများကြီး ထုတ်နိုင်ပါစေဗျာ။

လေးစားအားကျမိပါတယ် အစ်မအိန်ဂျယ်..။
မြန်မာနိုင်ငံရောက်မှပဲ ၀ယ်ဖတ်တောမယ် :)

ကြည်နူးစွာ ၀မ်းသာပီတိဖြစ်ရပါတယ် ညီမလေး
နောက်ထပ် နောက်ထပ် စာအုပ်ပေါင်းများစွာတို့လည်း ထပ်မံထွက်ပေါ်လာနိုင်ပါစေ
နွေးထွေးသော အားပေးကြိုဆိုမှုများနှင့်

ချစ်ခင်လျှက်

ညီမလေးရေ...

ညီမလေးရဲ့ဆန္ဒတွေ ပြည့်ဝပြီမို့ ၀မ်းသာကြည်နူးနေမှာ မြင်ယောင်မိပါတယ်။ ဒီစာအုပ်လေးအပေါ်ထားတဲ့ ညီမလေးရဲ့ စေတနာကိုလည်း ပါဝင်စာရေးသူတွေ အားလုံး သိနားလည်ကြမှာပါ။ အွန်လိုင်းက စာရေးသူတွေအတွက် ညီမရဲ့စေတနာမှတ်တိုင်လေးကို အားလုံးက အမြဲ သတိရနေကြမှာပါ ညီမရေ..။

ချစ်သော -
မြသွေးနီ

ညီမလေးရေ .. အမြဲတမ်း အားပေးနေတယ်နော် ... ညီမလေးရဲ့ ကြည်နူးမှုလေးတွေကို လှမ်းမြင်နေရပါတယ် .... :) :)

အားကျ ၀မ်းမြောက်မိပါတယ် ညလေးရေ။
ဒီမှာထွက်ရင်တော့ ၀ယ်ယူအားပေးအုံးမယ် ။

အကို( ညီလင်းနိုင်) ကျေးဇူးပါနော်အကို :)

မောင်လေးရေ ကျေးဇူးပါလို့ (မေမြို့မိုး)

မမရေ .. ဆုတောင်းလေးအတွက် ကျေးဇူးပါနော် <3 (ရွှေအိမ်စည်)

မမရေ ထပ်တူထပ်မျှ ပျော်ရွင်ရပါတယ်လို့..<3 ( မမမြသွေးနီ)

မမရေ အစစအရာရာ ညီမလေးကလည်း ကျေးဇူးပါလို့ ..<3 (ထရီဆာ)

အကိုရေ အားပေးတဲ့ အတွက် ကျေးဇူးပါနော် (လွင်ပြင်လှိုင်းငယ်)

ကြိုးစားမှုရဲ့အသီးအပွင့်လေးတွေအတွက် ၀မ်းသာဂုဏ်ယူမိတယ် အိန်ဂျယ်ရေ...တဂျင်းမီးပြောသလို မမေ့ကြေးနော်...ဟဟ
ချမ်းမြေ့ပါစေ...

ဂုဏ်ယူပါတယ် ညီမလေး....။ မိုင်တိုင် ၂၀ ဆိုလို့ မနှစ်တုန်းက ထွက်ထားတဲ့ မိုင်တိုင်၇၆ လို ဗီဒီယိုကားမှတ်နေတာ...။

အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာဖြစ်မိရပါကြောင်း
အိန်ဂျယ်ရေ...မိုးနတ်လေ..အိန်ဂျယ့်ရင်ထဲက
စေတနာနဲ့ ပျော်ရွှင်ကြည်နူးမှု သံစဉ်လေးတွေကို
အိန်ဂျယ်နဲ့ ထပ်တူခံစားနေရတယ်သိလား..
မိုင်တိုင်နှစ်ဆယ်ထဲမှာ ပါဝင်ခံစားရေးသားထားကြတဲ့
ဘလော့ဂါမောင်နှမတွေလဲ အိန်ဂျယ့်စေတနာနဲ့
စာပေအပေါ်ထားတဲ့ မြတ်နိုးတန်ဖိုးထားမှုကို အမြဲ
အမှတ်တရရှိပြီး ကျေးဇူးတင်နေကြမှာပါ...
တချို့သောသူတွေ နားမလည်နိုင်ကြတာ ခက်တယ်
တကယ်က...စာပေကိုချစ်ခင်မြတ်နိုးတန်ဖိုးထားတဲ့
လူချင်းသာ မိတ်ဆွေရင်းတွေလို တစိတ်တ၀မ်းတည်း
ပေါင်းဖော်လို့ရတာပါ....အဲဒါသိပ်မှန်တယ်နော်:)
ချစ်တဲ့...မိုးနတ်
(၀ယ်ဖတ်ဖြစ်အောင် ၀ယ်ဖတ်ပါ့မယ်)

ကျေးဇူးပါလို့ ...:) (ဘုန်းဘုန်းတောက်)

ဟုတ်တယ်မမရေ မိုင်တိုင်နှစ်ဆယ်ကို လူတွေတော်တော် များများ အဲ့လိုပြောကြတယ် :P (မမမိုးငွေ့)

မိုးနတ်ရေ အရာရာအတွက် ကျေးဇူးပါနော်လို့.. :)

ဝမ်းသာဂုဏ်ယူပါတယ် ညီမရေ...၊

လူစုံတက်စုံနဲ့ တပျော်တပါးကြီး စိုက်ထူလိုက်တဲ့ မိုင်တိုင်လေးတွေ မြဲမြံခိုင်မာစွာနဲ့ အောင်မြင်ပါစေလို့....။

ဟုတ်ကဲ့အကို ... ကျေးဇူးပါလို့ ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ .:)

(အကို ညီလင်းသစ်)

online ပေါ်က netizen တို့ရဲ့ မြန်မာစာပေသမိုင်းမှာ မှတ်တမ်းဖြစ်လာမယ့် စာအုပ်တစ်အုပ်လို့ ယူဆမိပါတယ် ...

အကိုရေ... ကျေးဇူးပါလို့ ... (အကို ငြိမ်းစိုးဦး)

မှတ်တိုင်တစ်ခု စိုက်ထူခဲ့ပြီ ဆိုပါတော့.....
အားပေးနေမယ်ဆိုတာထက်ကို ပိုပြောချင်ပါတယ်။
ဝယ်လို့မရရင် ငှားဖတ်မယ်း))။

ရဲရဲကြီးလျှောက်လှမ်းပါ ။


( မင်းဧရာ )

congratulation!!! လှိုင်ရေး))
ဒီထက်ဆပိုးတိုး အောင်မြင်ပါစေနော် ..

ချစ်ခင်စွာဖြင့်
မိုးခါး

ကျေးဇူးပါ မမရေ.... :) (မိုးခါး)
မောင်လေးရေ ကျေးဇူးပါနော် ..(မင်းဧရာ)

ဂုဏ်ယူပါတယ် ညီမ အိန်ဂျယ်..

ဖတ်ပြီးပြီ မမရေ ... အရမ်းကောင်းတယ် ...

ကျေးဇူးပါလို့ ..မမ ရေ.... ( Blackroze)
မိုးညရေ... ကျေးဇူးပါနော် ..:) (မိုးညချမ်း)

စာရေးရင်းနဲ့ထုတ်ဝေသူပါဖြစ်သွားတယ်ဆိုတော့တော်တော်တော့တာဝန်ကြီးသွားသလိုပဲ။ကောင်းပါတယ်။အမှတ်တရတစ်ခုလုပ်ဖြစ်သွားတာပေါ့။ဘလော့ဂါတွေစုစုစည်းစည်းလုပ်ဖြစ်တာအမှတ်တရပိုဖြစ်တာပေါ့။စာရေးသူတွေချင်းမို့အားပေးပါတယ်။ဂုဏ်လည်းယူပါတယ်။နောက်ထပ်စာအုပ်တွေအများကြီးထပ်ထုတ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ညီမရေ။စာလည်းပိုရေးနိုင်ပါစေပေါ့။

ဟုတ်ကဲ့ ..ကျေးဇူးပါ အကို .. ကြိုးစားပါ့မယ်လို့ .. :) (အကိုဆူးသစ်)

ကံကောင်းတော့ မိုင်တိုင်နှစ်ဆယ်ရော
ကြယ်စင်ဆယ့်တစ်ပါ လက်ဆောင်ရပြီး ဖတ်ဖြစ်တယ်
ဘလော့ဂါတွေရဲ့လက်ရာမို့ပြောတာဟုတ်ဖူး
ကြိုက်တယ် တချို့လိုအပ်ချက်နည်းနည်းလေး တော့ရှိပေမယ့် မပြောပလောက်ဖူး ကြိုက်တယ်း)


ပြီးရင် ( ) အတွက်ကျေးဇူးပဲညီမလေးး)

ညီမလေးကလည်း ကျေးဇူးပါလို့ ..အကို ..:) (မောင်ဘကြိုင် )

ကျိုးစားမူ့ရလာဒ်ကောင်းတွေနဲ့အတူဆန္ဒနဲ့ဘဝတထပ်တည်း
ကျနှိုင်ပါစေလိုဆန္ဒပြုဆုမွန်တောင်းပေးလိုက်ပါတယ်။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More